မူဆယ်မြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲ ကျင်းပ

မူဆယ် ဇွန် ၁၄

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယမန်နေ့နံနက် ၁၁ နာရီ အချိန်က မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်ရှိ အခြေခံပညာမူလွန်စွမ်စော်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီး ဦးအောင်စိုးမှ အမှာစကားပြောကြားခဲ့ပြီး ဦးအယ်လ်စိုးထန်တူး(ငြိမ်း)က ယုံကြည်မှုအကြောင်းကိုလည်းကောင်း၊ အမှတ်(၁၇) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲအုပ်နေမျိုးအောင်က လူကုန်ကူးမှုဆိုင်ရာအကြောင်းအရာများကိုလည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်စန္ဒာဝင်းက လူငယ်နှင့် Vape အန္တရာယ်အကြောင်းနှင့် ဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုလည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ဇာဖြိုးလွင်က စာအုပ်စာပေများဖတ်ရှုရန်လိုအပ်ကြောင်းကိုလည်းကောင်း အသီးသီး အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြရာ ကျောင်းသား/ကျောင်းသူ ၁၀၀ ဦးခန့်မှ စိတ်ဝင်စားစွာနားထောင်၍ မေးမြန်းသည့်မေးခွန်းများကို ပြန်လည်ဖြေကြားခဲ့ကြကြောင်း သိရသည်။

ထို့နောက် ကမ္ဘာ့အလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်ထုတ်ဝေသည့် ချယ်ရီမြေလက်ကမ်းစာစောင်နှင့် လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအမျိုးအစား ဓာတ်ပုံမှတ်တမ်းများနှင့် သုတ/ရသစာအုပ်မျိုးစုံကို ကျောင်းသားလူငယ်များမှ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ချယ်ရီမြေ(မူဆယ်)