ဇေယျာသီရိ ဇွန် ၁၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ်များကို သိရှိစေရန်အတွက် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက သာစည်ကျေးရွာ မူလတန်းလွန်ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြစန်းရီက မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းကို ကျောင်းသား၊ ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး လူငယ်များအနေဖြင့် မိမိတို့အပေါ် နည်းမျိုးစုံဖြင့် လွှမ်းမိုးဖျက်ဆီးလျက်ရှိသည့် မူးယစ်ဆေးဝါးများ၏ အကြောင်းကို သိရှိနားလည်နိုင်စေရန်ရည်ရွယ်ချက်ဖြင့် ယခုလို ဟောပြောပွဲ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခိုင်ဇင်သော်က မူးယစ်ဆေးဝါး အမျိုးအစားများနှင့် ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေများအကြောင်းကို ရှင်းလင်းဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူလေးများ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားပေးခဲ့သည်။
ဟောပြောပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူများက ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့် မူးယစ်ဆေးဝါး အသိပညာပေး နံရံကပ်စာစောင်များ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)