နေပြည်တော် ဇွန် ၁၂
၂၀၂၅ ခုနှစ်၊ ဇွန်လ(၁၂) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ မြန်မာ့သစ်လုပ်ငန်း လေ့ကျင့်ရေး သင်တန်းကျောင်းအမှတ် (၂) ကျွန်းတော်ဝင်ခန်းမ၌ ကျင်းပရာ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင်ဦးဟန်သူ၊ မြန်မာ့သစ်လုပ်ငန်း လေ့ကျင့်ရေးသင်တန်း ကျောင်းအမှတ် (၂) ကျောင်းအုပ်ကြီး ဦးအောင်မျိုးမင်း၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကိုကိုလင်း၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နေခြည်ဝင်း မောင်မောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံများမှ မန်နေဂျာများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးဟန်သူက အမှာစကားပြောကြားရာတွင် ဇွန်လ (၁၂) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့၏ ဆောင်ပုဒ်ဖြစ်သော Progress is clear, but there's more to do: let's speed up efforts! “တိုးတက်မှုများ ထင်ရှားလည်း ပိုမိုဆောင်ရွက်ဖို့ ကြိုးပမ်းမှုအရှိန်အဟုန်မြှင့်တင်စို့”နှင့်အညီ အသိပညာပေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ၊ နှီးနှောဖလှယ်ပွဲများနှင့် Billboard များစိုက်ထူခြင်း၊ အသိပညာပေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကလေးအလုပ်သမားခိုင်းစေမှုနှင့်စပ်လျဉ်းသည့် အမျိုးမျိုးသော စိန်ခေါ်မှုများကို မြန်မာနိုင်ငံကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ကို ကာလတို(၅)နှစ်၊ ကာလရှည် (၁၅) နှစ် စီမံချက်သတ်မှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ရည်မှန်းချက်များ၊ စီမံချက်များ အောင်မြင်ပြီးမြောက်နိုင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အားနည်းချက်၊ အားသာချက်များအပေါ် ပြန်လည်သုံးသပ်ကာ နေပြည်တော်ကောင်စီ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ကော်မတီဝင်များနှင့် လုပ်ငန်းဆပ်ကော်မတီများအနေဖြင့် ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကလေးအလုပ်သမားပြဿနာသည် ယနေ့ချိန်ထိ အရေးပါဆုံး စိန်ခေါ်မှုတစ်ခုဖြစ်ပြီး ကလေးများ၏ အလုပ်လုပ်ကိုင်ခြင်းကို ရပ်တန့်ခိုင်းခြင်းသည် မိဘများ၏အခြေအနေ၊ နိုင်ငံရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုထင်မြင်ချက်များအကြား ကွာဟမှု ဖြစ်စေနိုင်သည့်အတွက် ဥပဒေနှင့်အညီ အလုပ်လုပ်ကိုင်သည့် ကလေးများ (Working Children)အတွက် အခြေခံပညာရေး မဆုံးရှုံးစေရေး၊ လုပ်ငန်းခွင်မှာ ဥပဒေနှင့်အညီ ခိုင်းစေရေးနှင့် တည်ဆဲအလုပ်သမား ဥပဒေများ လိုက်နာစေရေး၊ လုပ်ငန်းခွင်အတွင်း ကလေးများ၏ ကျန်းမာရေး၊ သန်စွမ်းမှုနှင့် အကောင်းဆုံး လုံခြုံမှုများပေးနိုင်ရေးအတွက် သက်ဆိုင်ရာ ကော်မတီဝင်များအနေဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်စေလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ နေပြည်တော်ကောင်စီ နယ်မြေရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နေခြည်ဝင်းမောင်မောင်က ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားပြီး နေပြည်တော်ကောင်စီဝင် ဦးဟန်သူက တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အောင်သူရဦး(ပြန်/ဆက်)