မြိတ် ဇွန် ၁၀
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် မြို့နယ်အတွင်းရှိ အခွန်ထမ်းလုပ်ငန်းရှင်များအား နိုင်ငံတော်အတွက် ရသင့်ရထိုက်သောအခွန်ငွေများ အပြည့်အဝကောက်ခံရရှိရေး၊ အခွန်လွတ်ကင်းမှု၊ လျော့နည်းမှု၊ ရှောင်တိမ်းမှုမရှိစေရေးတို့အတွက် ဇွန်လ (၉) ရက် နေ့လယ် (၁) နာရီက မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးတွင် အခွန်ပညာပေး ရှင်းလင်းဆွေးနွေးသည်။
အခွန်ပညာပေးရှင်းလင်းရာတွင် မြို့နယ်အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်ဟိန်းကျော်က နိုင်ငံတော်အကျိုး၊ ဒေသအကျိုးအတွက် ရသင့်ရထိုက်သော အခွန်ငွေများ အပြည့်အဝကောက်ခံရရှိခြင်းဖြင့် နိုင်ငံတော်မှ ပြည်သူလူထု၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် အခန်းကဏ္ဍများတိုးတက်ရေးကို များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးထက်နေဟိဏ်းက အခွန်ထမ်းဆောင်ထိုက်သူများ အခွန်လွတ်ကင်းမှု၊ လျော့နည်းမှု၊ ရှောင်တိမ်းမှုမရှိစေရေး၊ ဥပဒေနှင့်အညီ အခွန်ပေးဆောင်နိုင်စေရေး၊ ပြေစာများအပေါ်တွင် အခွန်အမှတ်တံဆိပ် ပြည့်ဝစွာ ကပ်နှိပ်ရောင်းချစေရေး၊ ကျပ်သိန်း (၂၀၀) ထက်ပိုသည့် ငွေပေးချေမှုများအတွက် မြန်မာနိုင်ငံ ဗဟိုဘဏ်၏ အမိန့်ကြေညာစာအမှတ် (၄၃/၂၀၂၁) နှင့် အညီ လိုက်နာဆောင်ရွက်ကြရန်နှင့် အခွန်ဆိုင်ရာကိစ္စရပ်များကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် အခွန်ထမ်းလုပ်ငန်းရှင်များက သိရှိလိုသည်များကို မေးမြန်းကြရာ မြို့နယ်အခွန်ဦးစီးဌာနမှူးက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး အခွန်ပညာပေး ရှင်းလင်းဆွေးနွေးပွဲသို့ မြို့နယ်အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့နှင့် အခွန်ထမ်းလုပ်ငန်းရှင် (၇၈) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး(ပြန်/ဆက်)