ဒုတိယဝန်ကြီး ဦးရဲတင့် ပြင်ဦးလွင်မြို့ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံအားပေး

အောင်မြေသာစံ ဇွန် ၁၀

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယမန်နေ့နံနက်ပိုင်းက ပြင်ဦးလွင်မြို့ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ၍ ပညာကြိုးစားသင်ယူကြရေး၊ ဗလငါးတန်ပြည့်ဝသော လူငယ်များဖြစ်အောင် ကြိုးစားရေး၊ စာပေလေ့လာဖတ်ရှုပြီး ဗဟုသုတပြည့်ဝကာ စာတတ်ရုံသာမက ပညာပြည့်ဝသူများဖြစ်အောင် ကြိုးစာရေး၊ ကျောင်းသားဝတ္တရား၊ သားသမီးဝတ္တရားကျေပွန်သည့် လူငယ်များဖြစ်စေရေး၊ မိဘဆရာများနှင့် နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိသူများ၊ နိုင်ငံအကျိုးသယ်ပိုးထမ်းရွက်နိုင်သည့် နိုင်ငံ့သားကောင်းရတနာများဖြစ်အောင် ကြိုးစားကြရေးတို့ကို မှာကြားသည်။

ထို့နောက် ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စာစောင်များလှူဒါန်းပြီး အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနက လှူဒါန်းသည့် အားကစားပစ္စည်းများ ပေးအပ်သည်။

၎င်းနောက် ကျောင်းစာကြည့်တိုက်အား ဝင်ရောက်ကြည့်ရှုပြီး ကျောင်းသား၊ ကျောင်းသူများအတွက် စာဖတ်ခြင်းမှ အကျိုးကျေးဇူးရရှိစေမည့် ဆွေးနွေးဟောပြောမှုများ ဖြစ်စေရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။

ထို့နောက် ပြင်ဦးလွင်ခရိုင် ပြည်သူ့စာကြည့်တိုက်ကို ကြည့်ရှုစစ်ဆေးပြီး စာဖတ်သူ၊ စာငှားသူ တိုးတက်ရေးနှင့် စာအုပ်စာစောင်များ ပျောက်ဆုံးပျက်စီးမှု မရှိရေးတို့ကို မှာကြားသည်။ ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံ ဇုန်နယ်မှူးနှင့် စက်ရုံမှူးတို့အား တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများနှင့်ဝန်ထမ်းရေးရာများ မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံသို့ ရောက်ရှိပြီး စက်ပစ္စည်းများ စနစ်တကျ ထိန်းသိမ်းအသုံးပြုရေး၊ စက်ရုံ လုံခြုံရေးနှင့် မီးဘေးအန္တရာယ်မဖြစ်စေရေးတို့ကို မှာကြားခဲ့သည်။

ဒုတိယဝန်ကြီးက ဝန်ထမ်းများနှင့် တွေ့ဆုံစဉ် စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြင့်မော်ထွန်း(ပြန်/ဆက်)