လင်းခေးမြို့နယ်၌ ရာဂီမုန်တိုင်းနှင့် ဆက်စပ်သည့် ရေကြီးရေလျှံ တောင်ပြိုမြေပြိုမှုများကြောင့် ပျက်စီးခဲ့သည့် သီးနှံများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနား ကျင်းပ

လင်းခေး ဇွန် ၈

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ်တွင် ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့သည့် ရာဂီမုန်တိုင်းနှင့် ဆက်စပ်သည့် ရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့သည့် သီးနှံများအတွက် ထောက်ပံ့ငွေ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်၉နာရီက လင်းခေးမြို့နွယ်ဝတီခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦးက လမ်းညွှန်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ လင်းခေးတပ်နယ်မှူးဗိုလ်မှူးကြီး ကျော်ထွန်းလတ်၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များက အဆိုပါ  ဖြစ်စဥ်များကြောင့် ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် ကျေးရွာအုပ်စုများရှိ၊ ကျေးရွာတောင်သူများထံ (၁ဧက)လျှင် ကျပ်တစ်သိန်းနှုန်းဖြင့် ထောက်ပံ့ငွေများ အသီးသီးပေး အပ်ခဲ့ကြရာ တောင်သူ တစ်ဦးချင်းအလိုက် လက်ခံရယူခဲ့ကြသည်။ ဆက်လက်၍ ဒေသခံတောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ပါသည်။

လင်းခေးမြို့နယ်တွင် ရာဂီမုန်တိုင်းနှင့် ဆက်စပ်သည့် ရေကြီးရေလျှံ၊ တောင်ပြို/မြေပြို ခြင်းများကြောင့် ဒါးဆိပ်ကျေးရွာအုပ်စု၊ ပုန်းထွန်၊ ဝမ်တိန်း၊ ဝမ်ဟတ်၊ မအွန်လောင်းနှင့် နားကုန်း ကျေးရွာအုပ်စုတို့၌ ကွင်းပေါင်း (၄၄) ကွင်း၊ ဦးပိုင်ပေါင်း (၉၉၄)၊ တောင်သူစုစုပေါင်း (၉၀၈) ဦးတို့ ၏စိုက်ကွက်များ ပျက်စီးဧရိယာ (၁၆၇၁)ဧက ရှိပြီး၊ ၄င်းအတွက် မျိုးစေ့နှင့်သွင်းအားစုများထည့် သွင်းနိုင်ရန် ထောက်ပံ့ငွေ စုစုပေါင်း ကျပ်(၁၆၇၁) သိန်း ဖြစ်ပါကြောင်း မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌထံမှ သိရသည်။

စိုင်းဇော်လတ်(လင်းခေး)