ပင်းတယ ဇွန် ၈
ရှမ်းပြည်နယ် တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်၊ မြို့နယ်ဓမ္မာရုံ၌ ၂၀၂၄ ခုနှစ်တွင် ကျင်းပပြီးစီးခဲ့သော အစိုးရပါဠိပထမပြန်စာမေးပွဲ(ကြီး၊လတ်၊ငယ်၊မူ) အောင်မြင်တော်မူခဲ့ကြသည့် စာအောင်သံဃာတော်များအား ဆုချီးမြှင့်သည် စူဠဘွဲ့နှင်းသဘင် အခမ်အနားကို ယနေ့နံနက် ၇ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို အခမ်းအနားတက်ရောက်လာကြသူများက နမောတဿသုံးကြိမ် ရွတ်ဆိုဖွင့်လှစ်ကြပြီး၊ ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများက အစိုးရပါဠိ ပထမပြန် စာမေးပွဲတော် ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကန်ထောင့်ကျောင်း ဆရာတော်အား ရှိခိုးကန့်တော့ကြ၍ ငါးပါးသီလခံယူဆောက်တည်ခဲ့သည်။
ထို့နောက်ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းမှ သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ၂၀၂၄ ခုနှစ်၊ အစိုးရပါဠိ ပထမပြန် စာမေးပွဲ စာအောင်သံဃာတော်များအား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပင်းတယမြို့ ဆွမ်းကွမ်းဆက်ကပ်ရေးကော်မတီဥက္ကဋ္ဌနှင့် မြို့မိမြို့ဖတို့မှ စာအောင် ဆုလက်မှတ်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးခဲ့ကြပြီး၊ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ရုတ်သိမ်းခဲ့ကြောင်းသိရပြီး၊ ပင်းတယမြို့နယ်မှ အစိုးရပထမပြန် စာမေးပွဲတွင် သံဃာတော်စုစုပေါင်း (၁၈၃) ပါး ဝင်ရောက်ဖြေဆိုခဲ့ပြီး သံဃာတော် စုစုပေါင်း (၅၆)ပါး ဖြေဆိုအောင်မြင်ခဲ့ကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)