ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အပတ်စဥ် သန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် ၁/၂၀၂၅ ရေဝေရေလဲစိုက်ခင်း (၁၀၀)ဧက ကွင်းဆင်းကြည့်ရှုစစ်ဆေး

တောင်ကြီး ဇွန် ၈

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက်(၈)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အပြင်ပတ်ဝန်းကျင်တွင် ဌာနဆိုင်ရာများမှ အပတ်စဥ်သန့်ရှင်းရေး ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကြီးမြို့၊ အမှတ်(၈) အခြေခံပညာ အထက်တန်းကျောင်း၌ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့များမှ ကျောင်းနှင့်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် အပတ်စဥ်သန့်ရှင်းဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းရှိစာသင်ခန်းများ လှည့်လည်ကြည့်ရှုစစ်ဆေးရာ ကျောင်းခန်း အတွင်း သန့်ရှင်းသရပ်စွာထားရှိရန်နှင့် တောင်ကြီးမြို့ပေါ် ကျောင်းဖြစ်သည့်အတွက် စည်းကမ်းရှိရန် လိုအပ်ကြောင်း တာဝန်ရှိသူများအားမှာကြားခဲ့သည်။

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံသို့ သွားရောက်ကာ စဝ်စံထွန်းဆေးရုံရှိ ယခင်ဧည့်ခန်းအဆောင်အား အထူးကုသဆောင်အဖြစ် ဆောင်ရွက်ရန် သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဝန်ကြီးချုပ်က မူလလက်ရာမပျက်စေဘဲ ခိုင်ခန့်အောင်ဆောင်ရွက်ပေးရန်နှင့် ရေနုတ်မြောင်း၊ လမ်းများကိုလည်း ဆောင်ရွက်ပေးစေလိုကြောင်း တာဝန်ရှိသူများအား မှာကြားပြီး ဆေးကုသဆောင်တွင် ရှင်သာမဏေများ ဆေးကုသခံယူနေမှုကိုကြည့်ရှု၍ နဝကမ္မအလှူငွေများ ဆက်ကပ်ခဲ့ကြောင်း သိရသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကြီးမြို့နယ်၊ ထီဖောင်းကျေးရွာအုပ်စုရှိ တောင်ကြီး(ထင်း)ကြိုးဝိုင်း၊ ၁/၂၀၂၅ ရေဝေရေလဲစိုက်ခင်း (၁၀၀)ဧကတွင် ထင်းရှူးပင်များ စိုက်ပျိုးထားရှိမှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်သစ်တောဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးက စိုက်ခင်းနှင့်ပတ်သက်၍ ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်က လာမည့်နှစ်များတွင်လည်း သစ်ပင်စိုက်ပျိုးနိုင်ရန်အတွက် လျာထားရန်လိုအပ်ပါကြောင်း၊ သစ်တော၊ သစ်ပင်ထိန်းသိမ်းပေးရန်နှင့် သစ်တော၊ သစ်ပင်ရှိမှ ပတ်ဝန်းကျင် စိမ်းစိမ်းလန်းစို ပြည်မှာဖြစ်ကြောင်း ဖြည့်စွက်မှာကြားပြီး ထီဖောင်းကျေးရွာတာဝန်ရှိသူအား ကျေးရွာထင်းစိုက်ခင်းများ စိုက်ပျိုးနိုင်ရန်အတွက် မြေဧကလျောက်ထားရန်၊ နည်းပညာနှင့် ပျိုးပင်များ သစ်တောဦးစီးဌာနမှ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ထွက်ရှိလာသည့် ထင်းများကို အသုံးပြုရမည်ဖြစ်ကြောင်း မှာကြား၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အောင်မြင်ဖြစ်ထွန်းနေသော ထင်းရှူးပင်များအား လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။

အဆိုပါ ၁/၂၀၂၅ ရေဝေရေလဲစိုက်ခင်း (၁၀၀) ဧကတွင် မြေနေရာရွေးခြင်းကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၁)ရက်နေ့၊ မြေတိုင်းတာခြင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၂)ရက်နေ့မှ ၂၆ရက်နေ့အထိ၊ ပန္နက်လိုင်းဖောက်ခြင်းနှင့် ပန္နက်ရိုက်ခြင်းကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ(၃၀)ရက်မှ ဒီဇင်ဘာလ(၂၉)ရက်ထိ၊ ကျင်းတူး၊ ကျင်းဖို့ခြင်းကို ၂၀၂၄ ခုနှစ်ဒီဇင်ဘာလ (၁) ရက်မှ ဖေဖေါ်ဝါရီ (၅)ရက်ထိ၊ ပျိုးထောင်ခြင်းကို ၂၀၂၄ ခုနှစ် မတ်လ (၁၅)ရက်မှ ၂၀၂၅ ခုနှစ် မေလ (၅)ရက်၊ စိုက်ပျိုးခြင်းကို ၂၀၂၅ ခုနှစ် မေလ (၃) ရက်မှ (၆) ရက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့ စဥ့်ဟယ်စျေးအဆင့်မြင့်တင်တည်ဆောက်မည့် Master Plan လာရောက်ရှင်းလင်းသည့် အခမ်းအနားတက်ရောက်ရာ ပြည်နယ်စည်ပင်သာယာရေးဌာန ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းက စဥ့်ဟယ်စျေးနှင့် ပတ်သက်၍ ရှင်းလင်းပြီး ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးမှ စျေးတည်ဆောက်မည့် Master Planများကို ရှင်းလင်းကြသည်။

ထိုနောက် တက်ရောက်လာသည့် သက်ဆိုင်ရာဌာနများမှ ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က လိုအပ်ချက်များကို ပြည်နယ်ဝန်ကြီးများ၏ အကြံပြုချက်များနှင့် စည်ပင်သာယာရေးဌာနနှင့် ကုမ္ပဏီတို့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ဆွေးနွေးကြသည်။

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်က စျေးသူ၊ စျေးသားများအတွက် ရေ၊ အိမ်သာ၊ လျှပ်စစ်မီးကိစ္စရပ်များ ထည့်သွင်းစဥ်းစားရမည်ဖြစ်ကြောင်း၊ စည်ပင်သာယာရေးအနေဖြင့် တွက်ချက်ဆောင်ရွက်ပေးရန်နှင့် စီမံကိန်းကာလကိုလည်း ပြန်လည်စီစစ်ဆွေးနွေးပေးရန်နှင့် အားလုံးကောင်းမွန်ရေးအတွက် ဝိုင်းဝန်းစဥ်းစားဆောင်ရွက်ပေးကြရန် ဆွေးနွေး​ပြောကြားကြောင်း သိရသည်။    

မောင်မောင်သန်း(တောင်ကြီး)