ပြင်ဦးလွင်မြို့နယ် သုံးတောင် ကျေးရွာအ.ထ.က(ခွဲ)တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေး ဟောပြော‌ပွဲကျင်းပ

ပြင်ဦးလွင် ဇွန် ၇

လူငယ်ကဏ္ဍကိုမြှင့်တင်‌ဆောင်ရွက်စေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့‌နံနက်(၉)နာရီအချိန်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် သုံး‌တောင် ကျေးရွာ အ.ထ.က(ခွဲ)တွင် ကျင်းပရာ ရှေးဦးစွာ သုံးတောင်ကျေးရွာ အ.ထ.က(ခွဲ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဉ်ယဉ်မွန်က အဖွင့်အမှာစကားပြောကြားပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က  ဟောပြောပွဲ ကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပြင်ဦးလွင်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်ကြူကြူက “စာဖတ်ခြင်း၏ အကျိုး ကျေးဇူး”ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့သည်။ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမင်းမင်းအောင်က ကျန်းမာရေးအသိပညာ ဗဟုသုတများ၊မြန်မာစာပေယဉ်ကျေးမှုအသင်းအဖွဲ့၀င် ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဒေါ်ခိုင်ခိုင်ဦးက လူငယ်နှင့်ဥပဒေ အကြောင်းသိကောင်းစရာများ အစရှိသည်တို့ကို ဟောပြောဆွေးနွေးခဲ့ပြီးနောက်  မြန်မာစာပေယဥ်‌ကျေးမှုအသင်းဥက္ကဌ စာရေးဆရာ ကိုရွှေအောင်သင်းက “‌ ကျောင်းဖွင့်ရာသီ ပျော်ကြမည်” ခေါင်းစဉ်ဖြင့်  ဟောပြောဆွေးနွေးခဲ့ပြီး ဆွေးနွေးချက်များကို ကျောင်းသား/ ကျောင်းသူများအား မေးမြန်းခဲ့ရာ ကျောင်းသား/ကျောင်းသူများက မေးမြန်းချက်များအား ပြန်လည်ဖြေကြားခဲ့သည်။

ဆက်လက်၍ ဆွေးနွေးမေးမြန်းချက်များအား ပြန်လည်ဖြေကြားပေးခဲ့သော ကျောင်းသား/ကျောင်းသူများအား ဆုများပေးအပ် ချီးမြှင့်ခဲ့ပြီးနောက်  စာရေးဆရာကိုရွှေအောင်သင်းက သုံးတောင်ကျေးရွာ အ.ထ.က(ခွဲ)ကျောင်းအား စာအုပ်/စာစောင်များ ပေးအပ် လှူဒါန်းခဲ့သည်။ထို့နောက် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာ၀န်ရှိသူများသည်  ကျောင်းသား/ ကျောင်းသူများအား အသိအလိမ္မာရဖွယ် သုတ၊ရသပုံပြင်များ ဖတ်ကြားပြခြင်း၊ နံရံကပ်စာစောင်များ၊သုတ၊ရသစာစောင်များ ခင်းကျင်း ပြသ‌ပေးသည်။အဆိုပါအသိပညာ‌ပေး ဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူ(၂၀၀)ဦး တက်ရောက်ခဲ့သည်။

သွေးသွေး (ခရိုင် ပြန်/ဆက်)