တံတားဦး ဇွန် ၅
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကျရောက်လာပါက အချိန်နှင့်တပြေးညီလျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် ယနေ့နံနက် (၁၀) နာရီက မြို့နယ်မီးသတ်ဦးစီးဌာနတွင် ကူညီရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းကိရိယာများ အသင့်စုဖွဲ့ထားရှိမှု ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
အဆိုပါ ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို တံတားဦးမြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်သူအောင်က ဆွေးနွေးတင်ပြရာ တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ငြိမ်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့်တာဝန်ရှိသူများက လေ့လာကြည့်ရှုကြပြီး လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။
မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်ရန်နှင့် သဘာဝဘေးများကျရောက်လာပါက အချိန်နှင့်တပြေးညီ လျင်မြန်စွာ တုံ့ပြန်ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် လူ၊ ယာဉ်နှင့် ရှာဖွေကယ်ဆယ်ရေးသုံး စက်နှင့် ပစ္စည်းကိရိယာများ အသင့်စုဖွဲ့ထားရှိမှု၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဇာတ်တိုက်လေ့ကျင့်ခြင်း၊ ရှာဖွေကယ်ဆယ်ရေးသုံး စက်ပစ္စည်းကိရိယာအသုံးပြု၍ လျင်မြန်စွာဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်သူအောင်ထံမှ သိရသည်။
ရဲတင့်(ပြန်/ဆက်)