ချမ်းအေးသာစံ ဇွန် ၅
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်တွင် ၂၀၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီတွင် ချမ်းအေးသာစံမြို့နယ်၊ ဗထူးအားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ယနေ့ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်သော(၅၂)နှစ်မြောက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းစိုး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မန္တလေးတိုင်းဒေသကြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးများ၊ ဦးစီးအရာရှိများ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မန္တလေးတိုင်းဒေသကြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှ အခမ်းအနား ပေါ်ပေါက်လာမှုနှင့်စပ်လျဥ်း၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ကောင်းသော မြို့၊ ကျေးရွာ၊ စက်ရုံ/အလုပ်ရုံ ဆုများနှင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆုများကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းစိုးတို့မှ ပေးအပ်ခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများမှ လက်ခံရယူခဲ့ကာ အခမ်းအနားကို အောင်မြင်စွာကျင်းပခဲ့သည်။ အခမ်းအနားပြီးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စက်ကိရိယာများနှင့် ဆောင်ရွက်ထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှုကာ တာဝန်ရှိသူများမှ အသေးစိတ် ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်