ကျောက်ပန်းတောင်းမြို့နယ်တွင် ဝန်ကြီးချုပ်ဖလား အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ပူးတွဲတတိယဆုရရှိခဲ့သည့် ဘောလုံးအသင်းအား ကြိုဆိုဂုဏ်ပြုပွဲ အခမ်းအနားကျင်းပ

ကျောက်ပန်းတောင်း ဇွန် ၅

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက် (၁၈) နှစ်အောက် မြို့နယ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပူးတွဲတတိယဆု ရရှိခဲ့သည့် ကျောက်ပန်းတောင်းမြို့နယ် ဘောလုံးအသင်းအား ကြိုဆိုဂုဏ်ပြုပွဲအခမ်းအနားကို ဇွန်လ (၄) ရက်နေ့ မွန်းလွဲ (၂:၃၀) နာရီက ဈေးကွက်သစ်ရပ်ကွက်ရှိ မြို့နယ်အားကစားခန်းမတွင် ပြုလုပ်ခဲ့သည်။

အောင်ပွဲရ အမျိုးသားဘောလုံးအသင်းအုပ်ချုပ်သူ၊ နည်းပြနှင့် အသင်းသားများကို ကျောင်းသူလေးများက ခန်းမအဝင်မှစ၍ အောင်ပန်းများကမ်း၍ ကြိုဆိုခဲ့ကြပြီး၊ ခန်းမအဝင်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ကြိုဆိုခဲ့ကြသည်။ ယင်းနောက် အောင်ပွဲရဘောလုံးအသင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဂုဏ်ပြုအမှာစကား ပြောကြားပြီး၊ အသင်းအုပ်ချုပ်သူ မြို့နယ်အားကစားမှူး ဦးအောင်ကိုကိုလတ်က ဘောလုံးအသင်း ပူးတွဲတတိယရရှိအောင် ကြိုးစားဆောင်ရွက်ခဲ့ပုံများကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အောင်ပွဲရဘောလုံးအသင်းအား ဂုဏ်ပြုဆုငွေနှင့် အကောင်းဆုံးအားကစားသမားဆု ရရှိခဲ့သူတို့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ရာ တာဝန်ရှိသူများက လက်ခံရယူကြပြီး၊  အသင်းကိုယ်စား အားကစားသမားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

အဆိုပါ ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား/ကျောင်းသူလေးများနှင့် အောင်ပွဲရဘောလုံးအသင်းအုပ်ချုပ်သူ၊ နည်းပြနှင့်အားကစားသမားများ၊ ဘောလုံးဝါသနာရှင်များ စုစုပေါင်း (၄၅) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)