မိတ္ထီလာမြို့နယ် လိန်တောကြိုးပြင်ကာကွယ်တော၌ ခရိုင်အဆင့် မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

မိတ္ထီလာ ဇွန် ၅

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် မိတ္ထီလာကန် ရေဝေရေလဲဧရိယာအတွင်း ကျရောက်သော လိန်တောကျေးရွာအုပ်စု လိန်တောကြိုးပြင်ကာကွယ်တော၌ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ ပူးပေါင်းဆောင်ရွက်သည့် ခရိုင်အဆင့် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားတွင် ဦးစွာ သစ်ပင်စိုက်ပျိုးကြမည့် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများထံသို့ အရိပ်ရနှစ်ရှည်ပျိုးပင်များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ဦးနှင့်အဖွဲ့ဝင်များ၊ ခရိုင်သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲလွင်နှင့် တာဝန်ရှိသူများက ပေးအပ်သည်။ ဆက်လက်၍ လိန်တောကြိုးပြင်ကာကွယ်တောအတွင်း၌ အရိပ်ရနှစ်ရှည်ပျိုးပင်များဖြစ်သည့် တမာ၊ မယ်ဇလီ၊ စိန်ပန်း၊ ဗန်ဒါ၊ မန်ကျည်း၊ မယ်ဇယ်၊ ရေတမာ စုစုပေါင်း သစ်ပင်ပျိုးပင်ပေါင်း ၅ဝဝ ပင်တို့ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများက စိုက် ပျိုးကြသည်။ ထိုနောက် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ၏ သစ်ပင်စိုက်ပျိုးနေမှုကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။   

ချမ်းသာ