ကျောက်ဆည် ဇွန် ၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ အစိုးရနည်းပညာအထက်တန်းကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းသား/ကျောင်းသူများ သင်ကြားမှုများကို ဇွန်လ ၂ ရက်နေ့နံနက်ပိုင်းက စတင်ဆောင်ရွက်လျက်ရှိရာ ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
အစိုးရနည်းပညာအထက်တန်းကျောင်းအနေဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ဘာသာရပ် (၆) မျိုးဖြစ်သည့် အဆောက်အဦနည်းပညာသင်တန်း၊ လျှပ်စစ်နည်းပညာသင်တန်း၊ စက်ပစ္စည်း အစိတ်အပိုင်းများ ထုတ်လုပ်ခြင်းနည်းပညာသင်တန်း၊သုတနည်းပညာသင်တန်း ၊မော်တော်ယာဉ် နည်းပညာသင်တန်း၊ အဆောက်အဦပြုပြင်ထိန်းသိမ်းခြင်းနည်းပညာသင်တန်းများ သင်ကြားပေးပြီး ပညာသင်ကာလ (၃) နှစ်တွင် စာတွေ့၊ လက်တွေ့ဖြင့် လုပ်ငန်းခွင်အသင့်ဖြစ်စေမည့် သင်ရိုးညွှန်းတမ်းများ အသုံးပြု၍ သင်ကြားလေ့ကျင့်ပေးမည်ဖြစ်ကြောင်း သိရသည်။
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာသင်နှစ် (၃) နှစ်ကာလတွင် အဆင့်မှီစွာအောင်မြင်ခဲ့ပါက (AGTI)ကျောင်း၌ ပထမနှစ်အတန်းတွင် ဆက်လက်ပညာသင်ခွင့် ရရှိမည်ဖြစ်ကြောင်း၊ အထူးအောင်မြင်ခဲ့ပါက နည်းပညာတက္ကသိုလ်၌ BE ပထမနှစ်၊ နည်းပညာကောလိပ်၌ B-Tech ပထမနှစ် အတန်းများတွင် သက်ဆိုင်ရာ ကျောင်းများ၏ ဝင်ခွင့်ရွေးချယ်ရေး သတ်မှတ်ချက်များအတိုင်း ဝင်ရောက်လျောက်ထားနိုင်ကြောင်း၊ ရိုးရိုးအောင်မြင်ခဲ့ပါက ပညာသင်နှစ်ပြီးမြောက်ကြောင်း အောင်လက်မှတ်များရရှိမည်ဖြစ်ပြီး ပြင်ပလုပ်ငန်းများ ဝင်ရောက်လုပ်ကိုင်နိုင်ကြောင်းနှင့် ကိုယ်ပိုင်လုပ်ငန်းများ တည်ထောင်လုပ်ကိုင်ရာတွင် များစွာအထောက်အကူရရှိမည်ဖြစ်ကြောင်း သိရသည်။
စုစုအေး(ကျောက်ဆည်)