မိတ္ထီလာ ဇွန် ၅
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် ဇီးကျင်းကျေးရွာတွင် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်မိသားစုဝင်ငွေတိုးရေး စီးမံကိန်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု စက်ချုပ်နည်းပညာသင်တန်းကို အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း (မိတ္ထီလာ)မှ သိရသည်။
ရက်ကန်းနှင့်အသက်မွေး ပညာသင်တန်းကျောင်း (မိတ္ထီလာ) မှ ငလျင်ဘေးဒဏ်သင့်ခဲ့သည့် ပြည်သူများအတွက် စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်ပေးနိုင်ရန်၊ အမျိုးသမီးများ အလုပ်အကိုင်အခွင့်များ ပေါ်ထွန်းလာစေရန်၊ ကျွမ်းကျင်သော စက်ချုပ်ပညာရှင်များ ပေါ်ထွန်းလာစေရန်၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူဖြစ်ပေါ်စေရန်နှင့် အသေးစားအငယ်စားစီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စက်ချုပ်နည်းပညာသင်တန်းကို အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး ၎င်းသင်တန်းတွင် အပ်ချုပ်စက်တွင် ပါဝင်သော ကိရိယာအစိတ်အပိုင်းများအကြောင်း၊ အပ်ချုပ်စက်ကိုင်တွယ် အသုံးပြုနည်းနှင့် ထိန်းသိမ်းနည်းများ၊ အပ်ချုပ်စက်နင်းလေ့ကျင့်ခြင်း၊ အခြေခံချုပ်ရိုးများ လေ့ကျင့်ခြင်း၊ အမျိုးသမီးဝတ် ရင်စေ့ရင်ဖုံး ရင်ဖြတ်ဆက်အင်္ကျီ၊ အမျိုးသားဝတ်အင်္ကျီ ကလေးဝတ်ဂါဝန်၊ ဘောင်းဘီများ၊ စကတ်အမျိုးမျိုးနှင့် ပွဲတက်မြန်မာဝတ်စုံ၊ ဂါဝန်များကို စာတွေ့လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စက်ချုပ်နည်းပညာသင်တန်းကို ဇွန်လ ၂ ရက်နေ့မှ ဇူလိုင်လ ၁၁ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး ၎င်းသင်တန်းကို မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် နေပူကုန်းကျေးရွာအုပ်စု ဇီးကျင်းကျေးရွာမှ သင်တန်းသူ ၁၅ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)