၂၀၂၅ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲ ဖြေဆိုနေကြသည့် စာဖြေသံဃာတော်များ၊ သီလရှင်များအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် သွားရောက်ဖူးမြော်ကြည်ညို

ချမ်းအေးသာစံ ဇွန် ၅

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့ မွန်းလွဲပိုင်းက လှုပ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် မန္တလေးငလျင်ကြီးကြောင့် ခေတ္တရွှေ့ဆိုင်းထားရသော ၂၀၂၅ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲများကို ဇွန်လ ၂ ရက် နေ့မှစတင်၍ ပြန်လည်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ် (၉) မြို့နယ်ရှိ သတ်မှတ်စာဖြေဌာနများ၌ သံဃာတော်များ၊ သီလရှင်များ စိတ်ချမ်းမြေ့စွာဖြင့်ဖြေဆိုနေမှုများကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးသာသနာရေး ဦးစီးမှူးနှင့် တာဝန်ရှိသူများလိုက်ပါပြီး  မွန်းလွဲပိုင်းက သွားရောက်ဖူးမြော်ကြည်ညိုကြသည်။

ထိုသို့ စာဖြေဌာနများသို့သွားရောက်ရာ၌ ချမ်းအေးသာစံမြို့နယ်ရှိ မဟာလောကရံသီ အိမ်တော်ရာစေတီတော်မြတ်ကြီး ပရဝုဏ်အတွင်း ရတနာဃရ(၁၄)ခန်း ဓမ္မဗိမာန်တော်ကြီးသို့လည်းကောင်း၊ မဟာအောင်မြေမြို့နယ်ရှိ အမှတ် (၂၄) အခြေခံပညာအထက်တန်းကျောင်းသို့လည်းကောင်း၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ပြည်ကြီးဂန္ဓာရုံဘ.ကအထက်တန်းကျောင်း (ခွဲ) မဟာဂန္ဓာရုံတိုက်သစ်သို့လည်းကောင်း သွားရောက်ပြီး စာမေးကြီးကြပ်မှုများကို ဆောင်ရွက်နေကြသည့်ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညို၍ ဩဝါဒများခံယူပြီး အစိုးရဓမ္မာစရိယ စာမေးပွဲဖြေဆိုနေသော သံဃာတော်များနှင့်သီလရှင်များကို လိုက်လံဖူးမြော်ကြည်ညိုကြပြီးနောက် တာဝန်ရှိသူများ လိုအားအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း၊ မန္တလေးတိုင်းဒေသကြီးတွင် အစိုးရဓမ္မာစရိယစာဖြေဌာန (၉) မြို့နယ်၌ ကျင်းပလျက်ရှိပြီး ပထမနေ့၌ စုစုပေါင်း ၁၅၁၃ ပါး ဖြေဆိုခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲကို ဇွန်လ ၆ ရက်အထိလည်းကောင်း၊ ပါဠိပထမပြန်စာမေးပွဲကို ဇွန်လ ၄ ရက်မှ ၁၀ ရက်အထိလည်းကောင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းနိုင်