မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသားကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်များ ထုတ်ပေးနေမှုတို့ကို လိုက်လံကြည့်ရှုအားပေး

ချမ်းအေးသာစံ ဇွန် ၅

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ လိုက်ပါပြီး ဇွန်လ (၂) ရက်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် ပညာသင်ကြားနေမှုများ၊ ပြန်လည်ကျင်းပစစ်ဆေးသည့် တက္ကသိုလ်ဝင်စာမေးပွဲ၌  ဝင်ရောက်ဖြေဆိုမည့် ကျောင်းသားကျောင်းသူများအား သက်ဆိုင်ရာစာစစ်ဌာနများ၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို စနစ်တကျ စိစစ်ထုတ်ပေးနေမှုများအား လိုက်လံကြည့်ရှု အားပေးခဲ့သည်။

ထိုသို့ လိုက်လံကြည်ရှုရာတွင် အောင်မြေသာစံမြို့နယ်ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၊  ချမ်းအေးသာစံမြို့နယ်ရှိ အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၁၆)  အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ပြီး စာသင်ခန်းများတွင် သက်ဆိုင်ရာအတန်းအလိုက်  ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများအား ဘာသာရပ်အလိုက် သင်ခန်းစာများကို သင်ကြားပေးနေမှုများနှင့် ကျောင်းသား ကျောင်းသူများ  အေးချမ်းပျော်ရွှင်စွာဖြင့် သင်ယူနေမှုများကို လိုက်လံကြည့်ရှုကြသည်။

အဆိုပါ ကျောင်းများသို့ ရောက်ရှိစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်က  တိုင်း/ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့်တာဝန်ရှိသူများအား ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် ပညာသင်ယူနိုင်ရေး၊ အကြောင်းအမျိုးမျိုးကြောင့် ပညာသင်နှစ် မနောက်ကျစေရေး  အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ၏ ကျန်းမာရေး ထိခိုက်မှုမရှိစေရန် ကျောင်းမုန့်ဈေးတန်းများ၌ ရောင်းချနေသည့် အစားအစာများ အမြဲသန့်ရှင်းနေရန်နှင့် ဘေးကင်းစိတ်ချရသည့် အစားအသောက်များဖြစ်ရန် အမြဲဂရုစိုက်ဆောင်ရွက်နေကြရမည်ဖြစ်ပါကြောင်း ပြောကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် စာသင်ခန်းများ၌ အတန်းအလိုက် ဘာသာရပ်အလိုက် ဆရာ၊ ဆရာမများက သင်ခန်းစာများ သင်ကြားပေးနေမှု၊ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် ပညာသင်ယူနေမှု၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများကို စနစ်တကျစိစစ်ထုတ်ပေးနေမှုများကို လိုက်လံကြည့်ရှု၍  ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများကို အားပေးစကားများ ပြောကြားခဲ့ကြောင်း၊ ၂၀၂၅-၂၀၂၆ပညာသင်နှစ် အခြေခံပညာ ကျောင်းများကို တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများတွင် ဇွန် ၂ ရက်မှ စတင်ဖွင့်လှစ်ပြီး စာသင်ကျောင်းများတွင် သက်ဆိုင်ရာအတန်းအလိုက် သင်ခန်းစာများကို သင်ကြားပို့ချပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ထွန်းထွန်းနိုင်