တောင်ကြီးမြို့၌ စိုက်ပျိုးရေးကုန်ကြမ်းသီးနှံအခြေခံ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း(Bakery and Snack) သင်တန်းဆင်းပွဲ ပြုလုပ်

တောင်ကြီး ဇွန်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးပြုလုပ်သော စိုက်ပျိုးရေးကုန်ကြမ်းသီးနှံ အခြေခံတန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း (Bakery and Snack) သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက တောင်ကြီးမြို့၊ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပသည်။

ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်က အဖွင့်အမှာစကားပြောကြားရာတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ(၂၀၂၄)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် စိုက်ပျိုးရေးကုန်ကြမ်းသီးနှံအ‌ခြေခံ အသေးစားကုန်ထုတ်လုပ်ငန်းများမြှင့်တင်ခြင်း စားသောက်ကုန်လုပ်ငန်း စနစ်တကျ တည်ထောင်လုပ်ကိုင်ဆောင်ရွက်လိုသူများ ပေါ်ထွန်းလာစေရေးအတွက် သင်တန်းအမျိုးအစား(၄)ခုဖြစ်သည့် တာရှည်ခံသဘာဝသစ်သီးဖျော်ရည်၊ ယိုနှင့် သစ်သီးခြောက်အမျိုးမျိုးထုတ်လုပ်မှုနည်း ပညာသင်တန်း၊ Bakery and Snack အမျိုးမျိုးထုတ်လုပ်မှု နည်းပညာသင်တန်း၊ ရေခဲမုန့်၊ အအေးနှင့် အဖျော်ယမကာထုတ်လုပ်မှုနည်းပညာသင်တန်း၊ အသင့်စားစားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းများကို အခမဲ့သင်ကြားပေးနေကြောင်း၊ စိုက်ပျိုးရေးအခြေခံ ကုန်ထုတ်လုပ်ငန်းများမြှင့်တင်ခြင်းစီမံကိန်းလုပ်ငန်းများ အောင်မြင်လာပြီး မိဘပြည်သူများအတွက် အမှန်တကယ်အကျိုးဖြစ်ထွန်းလာသည့်အခါ ဒေသတွင်တိုးတက်မှုကို အထောက်အကူဖြစ်စေနိုင်မှာဖြစ်ကြောင်း ဒေသခံများသည်လည်း မိသားစုဝင်ငွေတိုးပွားလာခြင်းကြောင့် လူမှုစီးပွာဘဝမြင့်မားလာကာ သား၊ သမီးများရဲ့ ပညာရေး၊ ကျန်းမာရေးများကို အကောင်းဆုံးထောက်ပံ့ပေးနိုင်ခြင်း၊ ပြုစုပျိုးထောင်ခြင်းများ ဆောင်ရွက်လာနိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် သင်တန်းဆင်းလက်မှတ်ကို ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ပေးအပ်ရာ သင်တန်းသား/သူများကိုယ်စား သင်တန်းသူတစ်ဦးက ရယူခဲ့ပြီး ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်ထူးက သင်တန်းထွက်ကုန်ချောပစ္စည်းများကို ပေးအပ်ရာ သင်တန်းသူတစ်ဦးက ကိုယ်စားရယူခဲ့သည်။ ဆက်လက်၍ သင်တန်းသူ/သင်တန်းသားများကိုယ်စား သင်တန်းသူ ဒေါ်မြမြမိုးက ကျေးဇူးတင်စကား ပြောကြားပေးခဲ့ပြီး သင်တန်းတက်ရောက်ခဲ့သည့် သင်တန်းသား/သူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။

အဆိုပါ သင်တန်းဆင်းပွဲသို့ သင်တန်းသား၊ သင်တန်းသူ ၂၁ ဦးတက်ရောက်ပြီး သင်တန်းတွင် ချောကလက်ကိတ်၊ ကိတ်ခြောက်၊ ဗင်နီလာကိတ်၊ ပူတင်း၊ လျှာပေါ်ဝဲ၊ ကွတ်ကီး၊ ဒိုးနတ်၊ နံကထိုင်၊ပေါင်မုန့်၊သီးစုံကိတ် စသည်တို့နှင့် အသေးစားစက်မှုလက်မှုလုပ်ငန်း မြှင့်တင်ရေးဥပဒေအကြောင်း၊ တာရှည်ခံဓာတုဆေးဝါးများအကြောင်းတို့ကို ၂၀၂၅ ခုနှစ် မေလ ၂၉ ရက်မှ ၂၀၂၅ ခုနှစ် ဇွန်လ ၄ ရက်နေ့အထိ စာတွေ့လက်တွေ့သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)