မြစ်သားမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ (၁)နှစ်ခွဲအောက်ကလေးငယ်များ အားကာကွယ်ဆေး တိုက်‌ကျွေးထိုးနှံပေးခြင်းများဆောင်ရွက်

မြစ်သား ဇွန်   ၄

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကျန်းမာရေးဆရာမများနှင့် သားဖွားဆရာမများမှမြို့ပေါ် (၆) ရပ်ကွက်ရှိကိုယ်ဝန်ဆောင် မိခင်များနှင့်မွေးကင်းစမှ (၁) နှစ်ခွဲအောက်ကလေးငယ် များလစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်‌ကျွေးပေးခြင်းကို ယနေ့နံနက်ပိုင်းအချိန်က အဆိုပါမိခင်နှင့်ကလေးကျန်းမာရေး ဌာနရုံးခန်းတွင်  တိုက်ကျွေးထိုးနှံပေးခဲ့ကြောင်း သိရသည်။

   ကာကွယ်ဆေးများတိုက်‌‌ကျွေးထိုးနှံပေးရာတွင် မြို့ပေါ် (၆) ရပ်ကွက် ရှိမွေးကင်းစမှ (၁) နှစ်ခွဲ အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများဖြစ်သည့်  ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ (ဘီ) ပိုး၊ ဦးနှောက်အမေး ရောင်ငါးမျိုးစပ်ကာကွယ်ဆေးနှင့် ပိုလီယိုအကြောသေ၊ ဝက် သက်၊ ဂျိုက်သိုး၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ)၊ ပြင်းထန်အဆုတ်ရောင် (ပီစီဂျီ)နှင့် ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးများကို အသက်အရွယ်အပိုင်းအခြားအလိုက် တိုက်ကျွေးထိုးနှံခြင်းနှင့်ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်၊ ဆုံဆို့ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ထမ်းများက စနစ် တကျတိုက်ကျွေးထိုးနှံပေးခဲ့ကြောင်း သိရသည်။

မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကျန်းမာရေးဆရာမများနှင့် သားဖွားဆရာမတို့က ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ (၁)နှစ်ခွဲအောက်ကလေးငယ်များအား လစဉ် သတ်မှတ်ရက်များတွင် ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံ တိုက်ကျွေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ သိရသည်။

ဝါဝါမြင့် (မြစ်သား)