မြစ်သား ဇွန် ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးသီးနှံ၊ မိုးစပါးစိုက်ပျိုးမည့် တောင်သူများ မျိုးကောင်း မျိုးသန့်သုံးစွဲနိုင်ရေး၊ မြေဆီဩဇာထက်သန်ရေး လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ပန်းတိုင်အထွက်နှုန်း ရရှိစေရန်အတွက် မိုးသီးနှံ၊ မိုးစပါး စိုက်ပျိုးမည့်တောင်သူများအား တောင်သူစိုက်ပျိုးနည်းပညာပေးဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က ကျောင်ပန်းကုန်းကျေးရွာအုပ်စု၊ ထနောင်းကုန်းကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ဆွေးနွေးပွဲတွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ငြိမ်းထွေးက မိုးသီးနှံ၊ မိုးစပါးစိုက်ပျိုးမည့်တောင်သူများအကျိုး ဖြစ်ထွန်းစေရေးနှင့် မိုးသီးနှံ၊ မိုးစပါးများကို အဓိကစိုက်ပျိုးသွားမှာဖြစ်ပြီး ယမန်နှစ်ထက် မိုးစပါးကိုတိုးမြှင့်စိုက်ပျိုးသွားမှာဖြစ်ကြောင်း၊ မိုးသီးနှံ၊ မိုးစပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ဝါစိုက်ပျိုးမည့်တောင်သူများမျိုးကောင်းမျိုး သန့်သုံးစွဲနိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ရန်၊ မြေဆီဩဇာထက်သန်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် လိုက်နာရမည့်နည်းစနစ်များကို ပညာပေးဆွေးနွေးခဲ့သည်။ ဆက်လက်၍ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ မြေ၊ မျိုး၊ ပိုးတာဝန်ခံများက မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း မျိုးစေ့အရည်အသွေးထိန်းသိမ်းရေးလုပ်ငန်း၊ စိုက်ပျိုးသီးနှံများတွင် ကျရောက်တတ်သော ဖျက်ပိုးများ၏ အလေ့အထနှင့်ကာကွယ်နှိမ်နှင်းနည်းများ၊ သီးနှံအထွက်တိုး နည်းပညာများကို အသီးသီးပညာပေးဆွေးနွေးခဲ့သည်။ ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးမင်းနိုင်က ယခုလိုပညာပေးဆွေးနွေးဆောင်ရွက်ခြင်းဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ပြီး စိုက်ပျိုးသီးနှံများ တစ်ဧကအထွက်နှုန်းတိုးတက်လာပြီး ပန်းတိုင်အထွက်နှုန်း ပိုမိုကောင်း မွန်လာမည်ဖြစ်ကြောင်း အကျယ်တဝင့်ဆွေးနွေးခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ ဒေသခံတောင်သူ (၇၃) ဦး တက်ရောက်ခဲ့ကြပြီး တောင်သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်ငြိမ်းထွေးနှင့်ဝန်ထမ်းများက ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။ ဆွေးနွေးပွဲအပြီးတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ရွက်ဖျန်းမြေဩဇာနှင့် အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြောင်း သိရသည်။
သီတာအောင်(မြစ်သား)