ကျောက်ဆည် ဇွန် ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဇွန်လ (၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အကြို ပန်းချီပြိုင်ပွဲကို ယမန်နေ့ မွန်းလွှဲပိုင်းက ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ကျင်းပရာတွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးသီဟက ကျောင်းသား/ကျောင်းသူများအနေဖြင့် ကမ္ဘာ့ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်ပျက်စီးမှုများ၊ ကမ္ဘာတစ်ဝန်း ပလတ်စတစ်ပစ္စည်းထုတ်လုပ်မှုနှင့် စွန့်ပစ်မှုအခြေအနေ၊တစ်ခါသုံးပလတ်စတစ်များနှင့် ပလတ်စတစ်ညစ်ညမ်းမှုလျှော့ချရေး နည်းလမ်းများအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရည်ရွယ်၍ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ပန်းချီပြိုင်င်ပွဲကို “ကမ္ဘာ့တစ်ဝန်းပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေး၊ စုပေါင်းအားဖြင့် ဆောင်ရွက်ပေး”ခေါင်းစဉ်ဖြင့် ကျောက်ဆည်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်း အဆင့် ကျောင်းသား/ကျောင်းသူ(၂၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပထမ၊ ဒုတိယ၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသူများကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနေ့အထိမ်းအမှတ် အခမ်းအနားတွင် ဆုများချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ပိုင်ပိုင်ကျော်