ကျုံပျော်တွင် တိုင်းရင်းဆေးဝါးဖြင့် အခမဲ့ ကွင်းဆင်း ကုသခြင်းများ ဆောင်ရွက်။

ကျုံပျော် ဇွန် ၄

ပြည်သူများ အနာရောဂါကင်းရှင်း၍ ကျန်းမာရေးပိုမိုကောင်းမွန်စေရန်၊ အကြောင်းအမျိုးမျိုးကြောင့် ဆေးရုံဆေးခန်းသွားရောက်ပြသရန် ခက်ခဲသူများအတွက် အထောက်အကူဖြစ်စေရန်အတွက် တိုင်းရင်းဆေးဝါးများဖြင့် အခမဲ့ ကွင်းဆင်း ကုသခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ မြဝတီရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့နံနက် ၁၀ နာရီခွဲက ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ကျုံပျော်မြို့ (၁၆) ကုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဆေးရုံအုပ် ဦးခိုင်ထွန်းဇော်က ရပ်ကွက်အတွင်းရှိ ပြည်သူများအား တိုင်းရင်းဆေးအကြောင်း သိကောင်းစရာ၊ တစ်ကိုယ်ရည် သန့်ရှင်းရေးနှင့် ကျန်းမာရေး အသိပညာပေးဟောပြောခြင်း၊ မိမိတို့ ဆေးရုံမှ ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေအား အသိပညာပေး ဟောပြောသည်။

ထို့နောက် ဆေးရုံအုပ် ဦးဆောင်သည့် ကွင်းဆင်းဆေးကုသရေးအဖွဲ့က ရပ်ကွက်အတွင်းရှိ ဆေးဝါးလာရောက်ပြသသော ပြည်သူများအား တစ်ဦးချင်းအလိုက် ရောဂါစစ်ဆေးခြင်းများ ဆောင်ရွက်ကာ တိုင်းရင်းဆေး အခမဲ့ကုသခြင်း၊ ဆေးဝါးအခမဲ့ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း၊ ယခုကဲ့သို့ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အသိပညာပေး လုပ်ငန်းများလာရောက် ဆောင်ရွက်သည့်အတွက် ပြည်သူများ ဝမ်းမြောက်ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)