ကျိုင်းတုံ ဇွန် ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) ဟောပြောပွဲကို ယနေ့တွင် အ.ထ.က(ခွဲ) အ.လ.က(၃)ကျောင်းတွင် ကျင်းပသည်။
ဟောပြောပွဲတွင် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အ.လ.က(၃) ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးစန္ဒာနိုင်က အမှာစကားပြောကြားပြီး ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုင်းရွှေအောင်နှင့် ဒုတိယဦးစီးမှူး ဒေါ်သီသီဝင်းတို့က မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး ထိခိုက်ဆုံးရှုံးမှုများအကြောင်း၊ မူးယစ်ဆေးဝါးပြစ်မှုများကျူးလွန်ပါက ချမှတ်ခြင်းခံရမည့် ပြစ်ဒဏ်များအကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် သိရှိလိုက်နာသင့်သည့်အချက်များကို ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောသည်။
ထို့နောက် အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ ကျိုင်းတုံမြို့နယ်ဦးစီးမှူး ဒေါ်ချယ်ရီဦးက အလုပ်သမားရေးရာကိစ္စရပ်များအကြောင်း သိကောင်းစရာများကိုလည်ကောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးအောင်လင်းဦးက စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကိုလည်ကောင်း ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ဟောပြောသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) နံရံကပ်စာစောင်များနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များ ပြသဆောင်ရွက်ပေးပြီး စားသုံးရေးရာဦးစီးဌာန တာဝန်ရှိသူများက ကျောင်းမုန့်ဆိုင်များအား စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)