မောက်မယ်မြို့နယ်၌ မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မောက်မယ် ဇွန် ၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်သစ်တောတာဝန်ခံ တောအုပ် ဦးဇော်ညိုက မီးခိုးမြူငွေ့အန္တရာယ်အကြောင်း၊ တောမီးလောင်မှုကြောင့် သစ်တောသစ်ပင်များပြုန်းတီးခြင်း၊ သဘာဝပတ်ဝန်းကျင်ပျက်စီးခြင်း၊ စက်မှုဖွံ့ဖြိုးတိုးတက်သောနိုင်ငံများမှ မီးခိုးမြူငွေ့အန္တရာယ်ကြုံတွေ့နေရခြင်းနှင့် သစ်တောဥပဒေဆိုင်ရာများကို ဟောပြောခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းလင်းအောင်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ မီးလောင်ကျွမ်းမှု၊ မီးလန့်မှုများဖြစ်ပွားလာပါက အရေးပေါ်မီးငြှိမ်းသတ်နိုင်ရန်အတွက် DCP မီးသတ်ဆေးဗူးကိုင်သွယ်အသုံးပြုပုံ၊ မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ဆောင်ရန် ရှောင်ရန် အချက်အလက်များ၊ လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များနှင့် နည်းပညာများကို ဒေသခံတောင်သူများအား အသိပညာပေးရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)