မြိတ် ဇွန် ၄
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးသက်နိုင်နှင့် တာဝန်ရှိသူများသည် ဇွန်လ ၂ ရက်နေ့ နံနက်ပိုင်းက ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာစာသင်ကျောင်းများ စတင်ဖွင့်လှစ်နေမှုအား ကြည့်ရှုအားပေးကြကြောင်း သိရသည်။
ရှေးဦးစွာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးသက်နိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးနှင့်အဖွဲ့ဝင်များ၊ ခရိုင် ပညာရေးမှူး ဦးသန်းထိုက်နှင့် တာဝန်ရှိသူများ သည် အ.ထ.က အမှတ် (၁) ကျောင်း၊ အလက အမှတ် (၅) ကျောင်း၊ မြင့်မိုရ် ကိုယ်ပိုင်အထက် တန်းကျောင်းများသို့ သွားရောက်ကာ ကျောင်းလာရောက်အပ်နှံနေမှုအခြေအနေများ၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ စာသင်ကြားနေမှုများ၊ ကျောင်းအတွင်း သောက်သုံးရေရရှိနေမှုများ၊ စားသောက်ဆိုင် ရောင်းချနေမှုများနှင့် သန့်ရှင်းခန်းများ၊ ကျောင်းစာကြည့်တိုက်၊ ကွန်ပျုတာခန်း၊ ဓာတ်ခွဲခန်းတို့အား လိုက်လံကြည့်ရှု ကာ လိုအပ်သည်များ မှာကြားသည်။
ထို့နောက် လူမှုရေးရာဝန်ကြီး ဦးသက်နိုင်သည် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံတစ်ခု၏ ရေရှည်တည့်တံ့ခိုင်မြဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကဏ္ဍာသည် အလွန်ပင် အရေးကြီးကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာမတတ်အောင် လုပ်ဆောင် ခြင်းသည် မိမိကိုယ်ကို ဖျက်ဆီးခြင်းဖြစ်သည့်အတွက် ကျောင်းစာကို ကြိုးစားသင်ယူလေ့လာရန် လိုအပ်ကြောင်းနှင့် စသည်တို့ကို ပြောကြားခဲ့ပြီး ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများအား ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ပညာသင်ယူနိုင်ရေးအတွက် စာသင်ခန်းများတွင် လေဝင်လေထွက်ကောင်းမွန်အောင် ဆောင်ရွက်ရေး၊ စာသင်ကျောင်းအတွင်း၊ အပြင်များ၌ ချုံနွယ်၊ ပိတ်ပေါင်းများ ရှင်းလင်းကာ ကျောင်းဥပတိရုပ် ကောင်းမွန်စေရေးနှင့် ကျောင်းအောင်ချက်ရာခိုင်နှုန်း ကောင်းမွန်ရေးတို့ကို မှာကြားသည်။
မြိတ်မြို့နယ်တွင် မူလတန်းအဆင့် ၇၃ ကျောင်း၊ အလယ်တန်းအဆင့် ၄၅ ကျောင်း၊ အထက်တန်းအဆင့် ၂၆ ကျောင်း၊ ကိုယ်ပိုင်ကျောင်း ၅ ကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်း ၉ ကျောင်း၊ စုစုပေါင်း ၁၅၇ ကျောင်းရှိပြီး မေလ ၂၂ ရက်နေ့မှ ဇွန် ၂ ရက်နေ့အထိ ၆၁၅၂၄ ဦး ကျောင်းအပ်နှံထားရှိကြောင်း သိရသည်။
ထက်မြင့် (ကျွန်းစု)