လှည်းကူး ဇွန် ၃
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက လှည်းကူးမြို့နယ် ဆေးရုံအစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် လှည်းကူးမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးခင်ဇော်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသောင်းဒန်ဦးက သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားရေး ကြိုတင်ကာကွယ်ရမည့်အချက်များအား ပြောကြားကာ မြောက်ပိုင်းခရိုင်မှူး ဒေါက်တာခင်စန္ဒာအောင်က သွေးလွန်တုပ်ကွေးရောဂါလက္ခဏာနှင့်ပတ်သတ်သည့် အကြောင်းအရာအများအား အသေးစိတ်ရှင်းလင်းပြောကြားသည်။
သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲသို့ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ NGO အဖွဲ့များနှင့် လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
အေးအေးနွဲ့ (လှည်းကူး)