တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးသက်နိုင်သည် မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ခွဲစိတ်ကုသမှုကို သွားရောက်ကြည့်ရှု၍ လူနာများအား အားပေးစကားပြောကြား

မြိတ် ဇွန်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့တွင် မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးများအား ဇွန်လ ၂ ရက်နေ့မှ ၆ ရက်နေ့အထိ မြိတ်မြို့၊ ပြည်သူ့ဆေးရုံကြီးတွင် အခမဲ့ ခွဲစိတ်ကုသပေး မည်ဖြစ်ရာ ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးသက်နိုင်နှင့် တာဝန်ရှိသူများသည် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ခွဲစိတ်ကုသမှုကို သွားရောက်ကြည့်ရှု၍ လူနာများအား အားပေးစကားပြောကြားခဲ့သည်။

ထိုသို့ကုသခြင်းကို ကိုးရီးယားသမ္မတနိုင်ငံမှ သွားနှင့်ခံတွင်း အထူးကုဆရာဝန်ကြီးများ၊ နေပြည်တော်သွားနှင့်ခံတွင်း အထူးကုဆေးရုံမှ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြိတ်မြို့  ပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများက မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများ ခွဲစိတ်ကုသပေးလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးသက်နိုင်၊ ခရိုင် စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးနှင့် တာဝန်ရှိသူများသည် မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများ ခွဲစိတ်ကုသပြီးစီးမှုအခြေအနေများအား ကြည့်ရှုအားပေးခဲ့ပြီး လူနာများကို အားပေးစကားပြောကြား၍ အရုပ်များလက်ဆောင်ပေးအပ်ခဲ့သည်။

ပြည်သူများလူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများ ခွဲစိတ်ကုသမှုကို အားဖြည့်ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မြိတ်မြို့၊ ကျွန်းစုမြို့၊ တနင်္သာရီမြို့၊ ပုလောမြို့၊ ဘုတ်ပြင်းမြို့အတွင်းရှိ ကျေးရွာများအသီးသီးမှ လူနာများ လာရောက် ကုသမှုခံယူလျက်ရှိပြီး ယနေ့တွင် လာရောက်ကုသမှု ခံယူသူ လူနာ ၅၀ ဦး ရှိကြောင်း၊ ကိုးရီးယားသမ္မတနိုင်ငံမှ သွားနှင့်ခံတွင်း အထူးကုဆရာဝန်ကြီးများဖြစ်သူ Dr.Lim Jongsung , Prof. Vang Mong Sook နှင့် Prof. Kim Mang Yong၊ နေပြည်တော်မှ ဒေါက်တာခင်မောင်နှင့်အဖွဲ့သည် မြိတ်မြို့၊ ပြည်သူ့ဆေးရုံကြီးရှိ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်း၍ မေလ ၆ ရက်နေ့ အထိ မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများကို ဆက်လက်ခွဲစိတ်ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)