လယ်ဝေးမြို့နယ်အတွင်း အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိစေရေး တောင်သူများနှင့် တွေ့ဆုံဆွေးနွေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

လယ်ဝေး ဇွန် ၄

နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် ယမန်နေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူရနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ စမတောင်၊ မဟာပရဟိတ ဂေဟာသို့ သွားရောက်၍ ဆရာတော် ဘဒ္ဒန္တဉာဏိန္ဒထံ အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဆက်လက်၍ နေ့လယ်ပိုင်းတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၅-ခုနှစ်၊ အစိုးရဓမ္မာစရိယ စာမေးပွဲ၊ လယ်ဝေးမြို့နယ် ချမ်းမြေ့ရိပ်သာကျောင်း၊ မဟာအတုလအောင်ဓမ္မဗိမာန်တော်တွင် ဖြေဆိုရာ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး သွားရောက်ဖူးမြော်ကြည်ညိုပြီး စာမေးပွဲ ကြီးကြပ်ဆရာတော်များအား အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ စာမေးပွဲကြီးကြပ်ဆရာတော်ကြီးများ၊ စာဖြေ သံဃာတော်များနှင့် သီလရှင်များအား ကျန်းမာရေးစောင့်ရှောက်မှု ပေးနေမှုများကို ကြည့်ရှု၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ အဆိုပါ ဓမ္မာစရိယစာမေးပွဲ အဋ္ဌသာလိနီ(ဒုတိယနေ့)တွင် သံဃာတော် ၁၀၇ ပါး၊ သီလရှင် ၉ ပါး၊ စုစုပေါင်း ၁၁၆ ပါး ဖြေဆိုလျက်ရှိပြီး ဇွန်လ ၄ ရက်တွင် ဓမ္မာစရိယဂုဏ်ထူးတန်းစာမေးပွဲ ဆက်လက် ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် ယနေ့မွန်းလွဲပိုင်းက လယ်ဝေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူရနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ်အတွင်း အဓိက သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိစေရေး တောင်သူများနှင့် တွေ့ဆုံဆွေးနွေးကာ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူရနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ်၊ ရှမ်းစုကျေးရွာအုပ်စု၊ ဝက်လက်ကျေးရွာ ဘက်စုံသုံးခန်းမတွင် ဒေသခံတောင်သူများနှင့် တွေ့ဆုံကာ လျာထားစိုက်ဧကများ အပြည့်အဝစိုက်ပျိုးနိုင်ရေး စိုက်ပျိုးမြေများ စနစ်တကျပြုပြင်ရေး၊ မျိုးကောင်း/မျိုးသန့်ရွေးချယ်ခြင်း၊ ပန်းတိုင်အထွက်နှုန်း ကောင်းမွန်စေရေးအတွက် သွင်းအားစုများ၊ ဓာတ်မြေသြဇာ၊ သဘာဝမြေသြဇာများ အချိန်မီစနစ်တကျ ကျဲပတ်ရေး၊ ပိုးမွှားအန္တရာယ်မှကင်းစင်ရန် ကြိုတင်ပိုးသတ်ဆေးများဖြန်းခြင်း၊ စိုက်ပျိုးနည်းစနစ်မှန်ကန်ရေး သက်ဆိုင်ရာစိုက်ပျိုးရေးဝန်ထမ်းများဖြင့် ပူးပေါင်းဆောင်ရွက်ရေး၊ မွေးမြူရေးလုပ်ငန်းကိုလည်း တစ်နိုင်တစ်ပိုင်မွေးမြူရေးမှ စီးပွားဖြစ်မွေးမြူရေးသို့ တိုးတက်မွေးမြူရန်၊ သို့မှသာဒေသခံ တောင်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် ဌာနဆိုင်ရာများဖြင့် ပူးပေါင်းဆောင်ရွက်ကြရန်၊ ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းတက် ရောက်နိုင်ရေးနှင့် တန်းစဉ်ကူးပြောင်းတက်ရောက်သင်ကြားနိုင်ရေးကိုလည်း မိဘများအနေဖြင့် အလေးအနက်ထား ဆောင်ရွက်ရန် မှာကြားဆွေးနွေးသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့်တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်၊ ပေတုန်းမြှောင်အုပ်စု၊ ကုန်းပေါ်စုကျေးရွာတွင် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီ၏ရန်ပုံငွေဖြင့် ကျေးရွာစာကြည့်တိုက် ဆောက်လုပ်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေး၍ စံချိန်စံညွှန်းမီ၊ ရေရှည်ခိုင်ခန့်အောင် ဆောင်ရွက်ရန်နှင့် အမြန်ဆုံးပြီးစီး၍ ဖွင့်လှစ်နိုင်ရန် မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)