နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ငလျင်ဘေးပြန်လည်တည်ဆောက်ရေးလုပ်ငန်းအစည်းအဝေးနှင့် MSME လုပ်ငန်းများ၊ စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်၊ စက်မှုလက်မှုလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

နေပြည်တော် ဇွန် ၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးမှုများနှင့်စပ်လျဉ်း၍ ပြန်လည်တည်ဆောက်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၂ ရက်နေ့ ညနေပိုင်းက နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊  ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးမှုများစွာဖြစ်ပေါ်ခဲ့ပြီး ကျောင်းများပြန်လည်ဖွင့်လှစ်ရန်အတွက် ယာယီစာသင်ဆောင်များ အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ ကျောင်းသား/ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ကျောင်းတက်ရောက်နိုင်ရေး၊ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား/ ကျောင်းသူများနှင့် သင်ကြားရေးဆောင်ရွက်နေသည့် ဆရာ/ ဆရာမများ နေထိုင်စားသောက်မှုအဆင်ပြေစေရေးနှင့် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးရေး၊ ငလျင်ဘေးသင့်ပြည်သူများ၏ နေအိမ်ပြိုကျမှုများ၊ တစ်စိတ်တစ်ပိုင်းပျက်စီးမှုစာရင်းများ၊ ထိခိုက်ပျက်စီးဆုံးရှုံးမှုစာရင်းများကောက်ယူရာတွင် ကျန်ရှိမှုမရှိစေရေးနှင့် စာရင်းများမထပ်စေရေး၊ ဝန်ထမ်းနှင့်ပြည်သူများ သက်သာချောင်ချိမှုရှိစေရေးအတွက် ဈေးကားများဖြင့် အမြဲမပြတ်လှည့်လည်ရောင်းချပေးနိုင်ရေး၊ မြို့ရွာများတွင်ရေစီးရေလာကောင်းမွန်စေရေးနှင် သန့်ရှင်းသာယာလှပအောင်ဆောင်ရွက်ရေး၊ ယာယီတည်းခိုရေးစခန်းများ ယာယီနေထိုင်သည့် နေရာများတွင် ကျန်းမာရေးစောင့်ရှောက်မှုများ အပြည့်အဝပေးနိုင်ရေး၊ အဆောက်အဦများ ပြန်လည်ဆောက်လုပ်ရာတွင် ငလျင်ဘေးဒဏ်ခံနိုင်အောင် တည်ဆောက်နိုင်ရေးနှင့်  Soil Test ပြုလုပ်ပြီးမှသာ ဆောက်လုပ်ရေး၊ နေပြည်တော်အတွင်း ဖြစ်နိုင်ခြေရှိသော ဘေးအမျိုးအစားများအတွက် ကြိုတင်ပြင်ဆင်ခြင်း၊ ဇတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ထားရှိရေး၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအား ကာလတို ကာလရှည်အစီအမံများရေးဆွဲပြီး စနစ်တကျဆောင်ရွက်ရေး၊ ပြန်လည်ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများအား မိုးကျလာသဖြင့် အမြန်ပြီးစီးအောင်ဆောင်ရွက်ရေးနှင့် စံချိန်စံညွှန်းနှင့်အညီ အလေးထားဆောင်ရွက်ရေးတို့ကို ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသူများမှ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီး ဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ယနေ့နံနက်ပိုင်းတွင် MSME လုပ်ငန်းများနှင့် စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် နေပြည်တော်အတွင်း စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် အကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက်ဖြစ်ကြောင်း၊ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင် စက်မှုလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်လည်ပတ်နိုင်ရေးနှင့် စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရန်လိုအပ်ပါကြောင်း၊ စက်မှုလုပ်ငန်းများ ရေရှည်လည်ပတ်ထုတ်လုပ်နိုင်ရေးအတွက် ကုန်ကြမ်းရရှိရေး၊ ကုန်ချောဈေးကွက်ရရှိရေး၊ နည်းပညာဆိုင်ရာဆွေးနွေးပွဲများကျင်းပနိုင်ရေး၊ ငွေကြေးအရင်းအနှီးရရှိရေး၊ လျှပ်စစ်ဓာတ်အားနှင့် လုပ်သားရရှိရေးသည်လည်း အရေးကြီးကြောင်း၊ စိုက်ပျိုးမွေးမြူရေး အခြေခံစက်မှုလုပ်ငန်းများ၊ သွင်းကုန်အစားထိုးစက်မှုလုပ်ငန်းများ၊ Export တင်ပို့သည့် စက်မှုလုပ်ငန်းများ၊ Export အလားအလာရှိသော စက်မှုလုပ်ငန်းများ ဖွံဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရန် လိုကြောင်း၊ သွင်းကုန်အစားထိုးထုတ်ကုန်များ၊ နည်းပညာမြင့် စက်မှုထုတ်ကုန်များနှင့် လျှပ်စစ်ပစ္စည်းများထုတ်လုပ်မှုအပိုင်းတွင် အားနည်းနေသေးသဖြင့် ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ နေပြည်တော်အတွင်း စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ GDP တိုးတက်ရေး၊ နိုင်ငံပိုင်နှင့်ပုဂ္ဂလိကပိုင် စက်မှုလုပ်ငန်းများ ရေရှည်တည်တံ့ထုတ်လုပ်မှု ဆောင်ရွက်နိုင်ရေး၊ တည်ဆောက်ပြီးစက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စက်မှုဇုန်အသစ်များ ထပ်မံအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသူများက MSME လုပ်ငန်းများနှင့် စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့သည်။

ယင်းနောက် မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ဒက္ခိဏသီရိမြို့နယ်၊ စံပယ်လမ်းသို့ သွားရောက်ပြီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့်  လမ်းပိုင်းများ ပြန်လည်ပြုပြင်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား အပိုင်လိုင်းအမြန်ပြီးစီးအောင် ဆောင်ရွက်ရေး၊ ရေရှည်ခိုင်ခံမှုရှိအောင်  စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၁)သို့ သွားရောက်ပြီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးမှုများ ပြန်လည်ပြုပြင် နေမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှ တင်ပြချက်များအပေါ်  လုပ်ငန်းများအမြန်ပြီးစီးအောင် ပြုပြင်ဆောင်ရွက်ရေး၊ ဆယ်တင်ပစ္စည်းများအား စနစ်တကျပြန်လည်အသုံးပြုရေး၊ အပိုင်းလိုက်ပြုပြင်မည့် အစီအမံများ၊ ပုံစံများအား ကြိုတင်တင်ပြဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဒက္ခိဏသီရိမြို့နယ် မြန်မာရွှေသစ်သီးဝလံကုမ္ပဏီလီမိတက်သို့ သွားရောက်ပြီး ဟင်းသီးဟင်းရွက်သစ်သီးဝလံများအား ကုန်ကြမ်းမှ ကုန်ချောထုတ်လုပ်ပြီး ပြည်တွင်းမှ ပြည်ပသို့ တင်ပို့ရောင်းချနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ထုတ်ပိုးမှုနှင့် အရည်အသွေးကောင်းမွန်မှုရှိအောင် ဆောင်ရွက်ရေး၊ ပြည်ပသို့ ပိုမိုတင်ပို့ရောင်းချနိုင်ရေးမှာကြားကာ ထိုမှတစ်ဆင့် လင်းစိန်ဆီစက်နှင့် ဆီထုတ်ပိုးမှုလုပ်ငန်းသို့ ရောက်ရှိပြီး ငလျင်ဘေးထိခိုက်မှုကြောင့် ပြန်လည်ပြုပြင်နေမှုနှင့် စမ်းသပ်ထုတ်လုပ်လည်ပတ်နေမှု အခြေအနေများကိုသွားရောက်ကြည့်ရှု၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ဒက္ခိဏသီရိ အသေးစားနှင့်အလတ်စား  စက်မှုဇုန်ရှိ Myanmar New Power Co.,Ltd သို့ ရောက်ရှိရာ ကုမ္ပဏီမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက EV နှစ်ဘီး၊ သုံးဘီး မော်တော်ဆိုင်ကယ်များ တပ်ဆင်ထုတ်လုပ်မှုလုပ်ငန်းများ အမြန်စတင်နိုင်အောင်ဆောင်ရွက်ရေးနှင့် ဆိုလာပစ္စည်းများ ကိုယ်တိုင်ထုတ်လုပ်နိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားရေးမှာကြားခဲ့ပြီး စက်ရုံအတွင်း နှစ်ဘီး၊ သုံးဘီးမော်တော်ဆိုင်ကယ်များ တပ်ဆင်ထုတ်လုပ်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

အောင်ကို (ပုဗ္ဗသီရိ)