ဟိုပုံး ဇွန် ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ရာဂီမုန်တိုင်းကြောင့် ရှမ်းပြည်နယ်အတွင်း ပျက်စီးဆုံးရှုံးသွားသည့် ငါးမွေးကန်များအတွက် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ငါးမွေးတောင်သူများအား ငါးသားပေါက်ကောင်ရေ (၃၅၄၆၀)ကောင် ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ပေါင်လင်းကျေးရွာအုပ်စု၊ တွံတီးကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက အမှာစကားပြောကြားရာတွင် ရာဂီမုန်တိုင်းနောက်ဆက်တွဲ ရေကြီးမှုကြောင့် ရှမ်းပြည်နယ်မှ ငါးမွေးကန်စုစုပေါင်း(၁၈၃၄.၆၈)ဧကရှိသည့်အနက် ငါးမွေးကန်(၁၀၆၁.၀၇)ဧကသည် ရေကြီးနစ်မြုပ်ခဲ့ပါကြောင်း၊ အဆိုပါရေကြီးနစ်မြုပ်ခဲ့သော ငါးကန်များအတွက် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ (၁)ဧကလျှင် ငါးသားပေါက်ကောင်ရေ(၁၀၀၀)နှုန်းဖြင့် ငါးသားပေါက်များအား ဒေသဈေးနှုန်းဖြင့် ဝယ်ယူထောက်ပံ့ပေးသွားမှာဖြစ်ပါကြောင်း၊ ငါးမွေးမြူရေး လုပ်ငန်း အမြန်ဆုံးပြန်လည် လည်ပတ်နိုင်ရေးအတွက် ရည်ရွယ်၍ ထောက်ပံ့ပေးအပ်ခြင်း ဖြစ်ပါကြောင်း၊ ဟိုပုံးမြို့နယ်ရှိ ငါးမွေးတောင်သူ(၄၃)ဦး၊ (၃၅.၄၆)ဧကအတွက် ငါးသားပေါက် ကောင်ရေ(၃၅၄၆၀)အား ထောက်ပံ့ပေးသွားမှာဖြစ်ပါကြောင်း၊ ယခုလို ဒေသအတွင်းရှိ ငါးသားပေါက်များအား ဝယ်ယူထောက်ပံ့ပေးခြင်းအားဖြင့် ငါးများ၏ ရှင်သန်နှုန်းမြင့်မားပြီး ငါးကြီးထွားမှု နှုန်းလဲကောင်းမွန်စေမှာဖြစ်ပါကြောင်း၊ ငါးမွေးတောင်သူများကို ငါးသားပေါက်များထောက်ပံ့ ပေးအပ်ခြင်းဖြင့် တောင်သူများအနေဖြင့် ငါးမွေးမြူခြင်းလုပ်ငန်းများကို အရှိန်မပျက်ဆက်လက် ဆောင်ရွက်နိုင်ပြီး ဒေသတွင်း ငါးစားသုံးမှုနှင့် ငါးထုတ်လုပ်မှုများကို ဆက်လက်ထိန်းသိမ်းပေး သွားနိုင်မယ်လို ယုံကြည်ပါကြောင်း၊ ရှမ်းပြည်နယ်ရာသီဥတုသည် အေးမြခြောက်သွေ့သော ရာသီဥတုဖြစ်ပြီး ငါးမွေးကန်နည်းပါးသည့်အတွက် ဒေသတွင်းငါးဖူလုံမှာ(၁၄)ရာခိုင်နှုန်း ခန့်သာရှိပါကြောင်း၊ ငါးစားသုံးမှုဖူလုံရေးအတွက် ငါးမွေးမြူရေးလုပ်ငန်းကို အားစိုက်၍ စနစ်တကျ မွေးမြူဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊ ငါးမွေးတောင်သူများအနေဖြင့် မိမိတို့ဒေသ၊ သဘာဝပတ်ဝန်းကျင်အခြေအနေနဲ့လိုက်လျောညီထွေမှုဖြစ်မဲ့ ငါးမွေးမြူခြင်းစနစ်များ၊ တွေ့ကြုံရတဲ့ အခက်အခဲများနှင့် နည်းပညာလိုအပ်ချက်များကို ရှမ်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနနှင့် ညောင်ရွှေငါးလုပ်ငန်းစခန်းတို့ဖြင့် ဆက်သွယ်ပြီး နည်းပညာအကူအညီများနှင့် အကြံဉာဏ်များ တောင်းခံရယူဆောင်ရွက်နိုင်ပါကြောင်း ပြောကြားသည်။ ထို့နောက် ရှမ်းပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဒေါက်တာသန်းသန်းလွင်က ငါးသားပေါက်ကောင် ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ငါးမွေးတောင်သူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။
ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ ရှမ်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှူး ဒေါက်တာ သန်းသန်းလွင်၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးခွန်လှသိန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းတို့က ငါးမွေးတောင်သူများအား ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ(၁၇၇၃၀)ကောင်၊ ရွှေဝါငါးကြင်း ငါးသားပေါက်ကောင်ရေ(၁၇၇၃၀)ကောင် စုစုပေါင်း ငါးသားပေါက်ကောင်ရေ (၃၅၄၆၀)ကောင်တို့ကို အသီးအသီး ပေးအပ်ခဲ့ကြပြီးနောက် တာဝန်ရှိသူများက ငါးမွေးတောင်သူများ ငါးစိုက်ထည့်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် နမ့်တဘက်ချောင်းအတွင်း ၂၀၂၂ ခုနှစ်တွင် ငါးသားပေါက်ကောင် ရေ(၁၅၀၀၀၀)ကောင်ကိုလည်းကောင်း၊ ၂၀၂၃ ခုနှစ်တွင် ငါးသားပေါက် ကောင်ရေ (၁၀၉၀၀၀) ကောင်ကိုလည်းကောင်း၊ ၂၀၂၄ ခုနှစ်တွင် ငါးသားပေါက်ကောင်ရေ (၆၀၀၀၀) ကောင်ကိုလည်းကောင်း စိုက်ထည့်ခဲ့ကြကြောင်းသိရသည်။ ထိုသို့စိုက်ထည့်ရာတွင် တောင်ကြီး မြို့နယ်၊ ဟိုပုံးမြို့နယ်နှင့် ဆီဆိုင်မြို့နယ်ရှိ ပုံးအင်းဒေသသည် စပါးစိုက်ဧက (၂၀၀၀၀)ကျော်ရှိပြီး ရှမ်းပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ပြည်သူများငါးသယံဇာတထိန်းသိမ်းခြင်းကို စဉ်ဆက်မပြတ် ငါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန်၊ ငါးမျိုးပြုန်းတီးမှုမဖြစ်စေရန်၊ သဘာဝရေပြင်တွင် ငါးထုတ်လုပ်မှုတိုးတက်လာစေရန်နှင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေများရရှိ စေရန်အတွက် ဒေသနှင့်ကိုက်ညီသည့် ငါးမျိုးများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)