မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် တိုင်းဒေသကြီးအတွင်း ပြန်လည်ကျင်းပစစ်ဆေးသည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ချမ်းအေးသာစံ ဇွန် ၃

မန္တလေးငလျင်ကြီးကြောင့် အဖြေလွှာများ ပျက်စီးခဲ့သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် ပြန်လည်ကျင်းပစစ်ဆေးသည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲများကို ဇွန် ၁၆ ရက်မှ စတင်ကျင်းပသွားမည်ဖြစ်ရာ မန္တလေးတိုင်းဒေသကြီးအတွင်း ပြန်လည် ကျင်းပစစ်ဆေးသည့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇွန်လ(၂)ရက်နေ့ ညနေပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး  အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်း၊ ခရိုင်၊ မြို့နယ် ပညာရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် ဇွန်လ ၁၆ ရက်မှ ဇွန်လ ၂၁ ရက် နေ့အထိ ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲအား အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေး၊  ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျောင်းသား၊ ကျောင်းသူများ အခက်အခဲမရှိ စိတ်ချမ်းမြေ့စွာဖြင့် ဘာသာရပ်အားလုံးပြီးဆုံးသည်အထိ အဆင်ပြေချော မွေ့စွာဖြေဆိုနိုင်ရေး  အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

၎င်းနောက် တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက  ပြန်လည်ကျင်းပစစ်ဆေးသည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ဦးရေနှင့် ဇွန်လ ၁ ရက်မှ စတင်၍ တက္ကသိုလ်ဝင်ဖြေဆိုခွင့်ကတ်ပြားများ ထုတ်ပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဖြည့်စွက် ဆွေးနွေးပြောကြားပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ရှင်းလင်းတင်ပြမှုများနှင့် ဆွေးနွေးချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်