ပင်းတယမြို့နယ်တွင် ပြောင်းစိုက်ခင်းများ စတင်စိုက်ပျိုးလျက်ရှိပြီး ခူးဆွတ်ရောင်းချချိန်၌ ဈေးကောင်းရရန် တောင်သူများမျှော်လင့်

ပင်းတယ ဇွန်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၌ ပြောင်းစိုက်ခင်းများ စတင်စိုက်ပျိုးလျက်ရှိပြီး စိုက်ပျိုးကုန်ကျစရိတ် မြင့်ခဲ့ခြင်းကြောင့် တောင်သူများ အနေဖြင့် သီးနှံရောင်းချချိန်တွင် ဈေးကောင်းရရှိရန် မျှော်လင့်နေကြကြောင်း သိရသည်။

ပြောင်းစိုက်ခင်း တစ်ဧကကို စိုက်ပျိုးစရိတ်အနေဖြင့် ပြောင်းမျိုးစေ့၊ မြေဩဇာ၊ နွားချေးခြောက်၊ ပိုးသတ်ဆေး အစရှိသည်တို့ကို ဝယ်ယူရင်းနှီးရပြီး အပင်ရှင်သန်ရန် သီးနှံအောင်မြင် ဖြစ်ထွန်းစေရေးအတွက် တောင်သူငှားရမ်းခအပါ စိုက်ပျိုးစရိတ် (၈)သိန်းကျော်ခန့် ကုန်ကျခဲ့ကြောင်း၊ ထို့ကြောင့် ပြောင်းသီးနှံပင်များ အောင်မြင်ဖြစ်ထွန်းပြီး သီးနှံစတင်ရောင်းချချိန်တွင် ဈေးကောင်းရရှိရန် မျှော်လင့်နေကြောင်း ပြောင်းစိုက်ပျိုးသည့် တောင်သူတစ်ဦးက ပြောသည်။

ပင်းတယမြို့နယ်မှ တောင်သူများသည် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြ၍ လက်ဖက်၊ ဂျူး၊ ပဲပုတ်၊ ခရမ်းချဉ်သီး၊ ခရမ်းသီး၊ ပန်းဂေါ်ဖီ၊ ပန်းမုန်လာ၊ ဆီနေကြာ၊ မြေပဲ၊ ပြောင်း၊ ထောပတ်၊ အာလူး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီစသည်တို့ကို တောင်ယာနှင့် လယ်ယာများတွင် စီးပွားဖြစ်စိုက်ပျိုးပြီး ရရှိလာသည့် ရာသီအလိုက် သီးနှံများကို အောင်ပန်းမြို့ပွဲရုံများမှတစ်ဆင့် မြန်မာနိုင်ငံမြို့ကြီးများသို့ ဖြန့်ဝေရောင်းချကြကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)