လယ်ဝေးမြို့နယ်၌ အစိုးရဓမ္မာစရိယစာမေးပွဲ စတင်ဖြေဆို

လယ်​ဝေး ‌ဇွန် ၃

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၅-ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲကို ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် ချမ်းမြေ့ရိပ်သာကျောင်း၊ မဟာအတုလအောင်ဓမ္မဗိမာန်တော်တွင် ယမန်နေ့ နေ့လယ် ၁၂ နာရီက စတင်ဖြေဆိုခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဓမ္မာစရိယစာမေးပွဲ အဋ္ဌသာလိနီ(ပထမနေ့)တွင် သံဃာတော် ၁၀၇ ပါး၊ သီလရှင် ၉ ပါး၊ စုစုပေါင်း ၁၁၆ ပါး ဖြေဆိုလျက်ရှိပြီး ဇွန် ၂ ရက်မှ ၁၀ ရက်အထိ ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဓမ္မာစရိယစာမေးပွဲအား စာမေးပွဲကြီးကြပ်ရေးဆရာတော်ကြီးများ၊ စာမေးပွဲကျင်းပရေးဦးစီးကော်မတီဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သာသနာရေးဦးစီးမှူးနှင့် ဝန်ထမ်းများက ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး စာမေးပွဲကာလအတွင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ၊ မြို့ပေါ်ရပ်ကွက်များမှ စေတနာရှင်၊ အလှူရှင်များက လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆက်ကပ်လှူဒါန်းခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)