ငလျင်ဒဏ်သင့်ခံကြရသော ဘုန်းတော်ကြီးကျောင်း (၅၀) ကျောင်း နှင့်သီလရှင်ကျောင်း (၅၀) ကျောင်းအား ဗီယက်နမ်နိုင်ငံသား ဘုန်းတော်ကြီးနှင့်အလှူရှင်များက အလှူငွေများ လှူဒါန်း

အောင်မြေသာစံ ဇွန် ၃

မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ငလျင်ဒဏ်သင့်ခံကြရသော ဘုန်းတော်ကြီးကျောင်း (၅၀) ကျောင်းအား ဗီယက်နမ်နိုင်ငံသားဘုန်းတော်ကြီးနှင့်အလှူရှင်များက အလှူငွေကျပ် (၁၀) သိန်းစီ ပေးအပ်လှူဒါန်းပွဲကို ဇွန်လ ၂ ရက်နေ့ နံနက်ကိုးနာရီက မန္တလေတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ နန်းတော်ရှေ့ရှိ ခင်မကန်တိုက်၊ မဟာဝိဇယာရာမဓမ္မဗိမ္မာန်တော်၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ ရွှေရတု တိပိဋကဆရာတော် ဘဒ္ဒန္တဝံသပါလာလင်္ကာရ၊ တိုက်အုပ်ဆရာတော် ဘဒ္ဒန္တသုဇန၊ မြို့နယ်သံဃာနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တပညာသီရိဘိဝံသ အမှူးပြုသော ကျောင်းတိုက် (၅၀) ကျောင်းမှ ကျောင်းထိုင်ဆရာတော်များ၊ အမေရိကန်နိုင်ငံ၊ Oklahoma ပြည်နယ်ရှိ Chánh Pháp ဓမ္မ တရားစင်တာ အကျိုးတော်ဆောင်နှင့်သာသနာပြုဆရာတော် Thượng Ta၊ ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ အမှတ် (၉၀)၊ ရမ္မာဝတီလမ်း၊ မဟာပုညဝိဟာရကျောင်းမှ ဗီယက်နမ်နိုင်ငံသားဆရာတော် သဒ္ဒမ္မဇောတိကဓဇ၊ ဦးဝိမလနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

အစီအစဉ်အရ နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး အလှူရှင်များက လှူဒါန်းရခြင်းအကြောင်း ရှင်းလင်းပြာကြားသည်။ထို့နောက် အမေရိကန်နိုင်ငံ၊ Oklahoma ပြည်နယ်ရှိ Chánh Pháp ဓမ္မတရားစင်တာ အကျိုးတော်ဆောင်နှင့် သာသနာပြု ဆရာတော် Thượng Ta နှင့်အဖွဲ့ဝင်များက ကျောင်းထိုင်ဆရာတော် အပါး (၅၀) တို့အား အလှူငွေကျပ်ဆယ်သိန်းစီ၊ စုစုပေါင်းသိန်းငါးရာကို ဆပ်ကပ်လှူဒါန်းကြကာ ဗုဒ္ဓသာသနံစိရံတိဌထု သုံးကြိမ်ရွတ်ဆိုဆုတောင်းပြီး အခမ်းအနားကို ရုပ်သိမ်းကြသည်။

ထို့နောက် အလှူရှင်နှင့်အဖွဲ့သည် ပြည်ကြီးတံခွန်မြို့နယ်ရှိ မြဝတီသီလရှင်ကျောင်းတွင် သီလရှင်ကျောင်း (၅၀) ကျောင်းအား တစ်ကျောင်းလျှင် ငွေကျပ်ဆယ်သိန်းစီဖြင့် စုစုပေါင်းသိန်းငါးရာကို လှူဒါန်းခဲ့ကြောင်း သိရသည်။

မြင့်မော်ထွန်း(ပြန်/ဆက်)