ကျောက်ဆည်မြို့နယ်တွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲပြန်လည်ဖြေဆိုမည့် ကျောင်းသား/သူများအား ဝင်ခွင့်ကတ်ပြားများ ထုတ်ပေးလျက်ရှိ

ကျောက်ဆည် ဇွန် ၃

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်မြို့နယ်တွင် မန္တလေးငလျင်ကြီးကြောင့် အဖြေလွှာများ မီးလောင်ပျက်စီးခဲ့သောကြောင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ၂၀၂၅ ခုနှစ် ဇွန်လ (၁၆) ရက်နေ့တွင် ပြန်လည်ကျင်းပပြုလုပ်မည် ဖြစ်ရာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား မိမိတို့ဖြေဆိုရမည့် စာစစ်ဌာနများတွင် ဇွန်လ ၁ ရက်နေ့ နံနက်ပိုင်းက တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများကို ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်၌ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ပြန်လည်ကျင်းပမည်ဖြစ်ရာ ကျောင်းသား/သူများ အဆင်ပြေစွာဖြေဆိုနိုင်စေရေး အမှတ် (၁)၊ အမှတ် (၂)၊ အမှတ် (၃)၊ မင်းစု၊ သံရွာအခြေခံပညာအထက်တန်းကျောင်းများတွင် စာဖြေဌာန (၅) ခု ဆောင်ရွက်ထားရှိပြီး ၂၀၂၅ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့မှစတင်၍ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/သူ (၁၂၈) ဦး၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/သူ (၄၄၉) ဦး၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/သူ (၃၂၅) ဦး၊ မင်းစုအခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/သူ (၁၇၆) ဦး၊ သံရွာအခြေခံပညာအထက်တန်းကျောင်းများတွင် ကျောင်းသား/သူ (၂၀၄) ဦး စုစုပေါင်း (၁၂၈၂) ဦးအား  ဖြေဆိုခွင့် ကတ်ပြားများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

စုစုအေး(ကျောက်ဆည်)