တောင်ကြီး ဇွန် ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ ကွန်လုံကျေးရွာအုပ်စုအတွင်းရှိ ကျောက်နီမွေးမြူရေးဇုန်အတွင်း စိုက်ပျိုးရေး ၊မွေးမြူရေးဆောင်ရွက်ထားရှိမှုအခြေအနေများကို ယမန်နေ့ နံနက် ၉ နာရီခွဲက ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးသည် မွေးမြူရေးဇုန်အတွင်းရှိ ရှင်းလင်းဆောင်သို့ ရောက်ရှိရာ ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာ ဝင်းဇင်မောင်နှင့် တောင်ကြီးမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါက်တာအောင်မင်းထွန်းတို့က မွေးမြူရေးဇုန်အတွင်း ဆောင်ရွက်ထားရှိသည့် မွေးမြူရေးရုံများဆောက်လုပ်ပြီးစီးမှုအခြေအနေများ၊ တိရစ္ဆာန်အစာပင် မြက်မျိုးများစိုက်ပျိုးခြင်း၊ စက်ရေတွင်းတူးဖော်ခြင်းနှင့် မွေးမြူရေးဇုန်ပတ်လည်တွင် အရိပ်ရအပင်များ စိုက်ပျိုးထားရှိမှုများနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးက မွေးမြူရေးဇုန်အတွင်းရှိ မြေလပ်များပေါ်တွင်စိုက်ပျိုးသီးနှံများကို ရာသီနှင့်ကိုက်ညီမည့်သီးနှံများ စိုက်ပျိုးနိုင်ရေး၊ နွားကောင်ရေတိုးမြှင့်မွေးမြူနိုင်ရေးစသည့် လုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်သည်များကို လမ်းညွှန်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် မွေးမြူရေးဇုန်အတွင်းရှိ Super Seven Stars Agri-tech Company Limited နို့စားနွားမွေးမြူရေးခြံရှိ နို့စားနွားထပ်မံရောက်ရှိမှုအခြေအနေများ၊ မွေးမြူရေးခြံအတွင်း လမ်းဖောက်လုပ်မှုများနှင့် အလျား ၁၂၀၀ ပေ၊ အနံ ၁၀၀ ပေ အကျယ်အဝန်းရှိ နွားမွေးမြုရေးခြံအမှတ် (၁) အဆောက်အဦတည်ဆောက်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးသည် တောင်ကြီးမြို့နယ်၊ မိုင်းသော်အရှေ့ကျေးရွာအုပ်စု၊ ဘုရားငါးဆူကျေးရွာတွင် နွေစပါး(၂၇၆)ဧကမှ ကွင်းအမှတ် ၆၀ (ခ)ရှိ နွေစပါးအထူးဇုန် အကွက် ကျယ်စံပြကွက် ဧက (၁၀၀) စိုက်ခင်းတွင် ရွှေအပ်စပါးမျိုး (၆၀)ဧကနှင့် ရွှေရင်အေးစပါးမျိုး(၄၀)ဧက အောင်မြင် ဖြစ်ထွန်းနေမှုများကို ကြည့်ရှုစစ်ဆေးပြီး တောင်သူများနှင့် တွေ့ဆုံ၍ နွေစပါးအထွက်နှုန်း တိုးတက်ကောင်းမွန်ရေး၊ သီးထပ်စိုက်ပျိုးနိုင်ရေးတို့အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်းသိရှိရသည်။
ကျော်ဇင်(ပြည်နယ်၊ ပြန်/ဆက်)