ပုဗ္ဗသီရိ ဇွန် ၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် အဝါရောင်မျိုးဆက်သစ် ဘုန်းတော်ကြီးသင်ပညာရေး(မူလွန်)ကျောင်းတွင် စာကြည့်တိုက်ဖွင့်ပွဲနှင့် စက်ချုပ်သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ ကျောင်းဝင်းအတွင်း၌ ကျင်းပပြုလုပ်ရာ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်၊ ဥတ္တရခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်း၊ ပုဗ္ဗသီရိမြို့နယ်ဦးစီးအရာရှိ ဒေါ်နန်းဆွေဆွေအေးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နေပြည်တော်စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးမောင်မောင်တာ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကို အဝါရောင်မျိုးဆက်သစ်ပရဟိတအသင်းကြီး၏ ဦးဆောင်နယက ဆရာတော်အရှင်က္ကုဿရိယ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြသည်။
ဆက်လက်၍ စာကြည့်တိုက်ဖွင့်ပွဲနှင့် စက်ချုပ်သင်တန်းဆင်းပွဲအခမ်းအနားတွင် အဝါရောင်မျိုးဆက်သစ်ပရဟိတအသင်းကြီး၏ ဦးဆောင်နာယက ဆရာတော်အရှင်က္ကုဿရိယမှ အဖွင့်အမှာစကားပြောကြားပြီး နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်၊ ဥတ္တရခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်း၊ ပုဗ္ဗသီရိမြို့နယ်ဦးစီးအရာရှိ ဒေါ်နန်းဆွေဆွေအေးတို့မှ YGW ကျောင်းစာကြည့်တိုက်အတွက် စာအုပ်၊ စာစောင်များကို ပေးအပ်လှူဒါန်းကာ သင်တန်းတက်ရောက်ပြီးသော ကျောင်းသား၊ ကျောင်းသူများအတွက် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် စက်ချုပ်သင်တန်းတွင် ချုပ်လုပ်ထားသော ဒီဇိုင်းများကို ကျောင်းသား၊ ကျောင်းသူမှ ဝတ်ဆင်ပြသပြီး စာကြည့်တိုက်ဖွင့်လှစ်ထားရှိမှုအခြေအနေ၊ ပညာသင်ကြားရေးအခြေအနေများကို တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသပေးခဲ့ကြောင်း သတင်းရရှိသည်။
နန်းရွှေရတီ (ပြန်/ဆက်)