မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ၂၀၂၅ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲများကျင်းပမည့် စာဖြေဌာနများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှုများနှင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှု

ချမ်းအေးသာစံ ဇွန် ၁

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ယမန်နေ့နံနက်ပိုင်းက ၂၀၂၅ ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲကျင်းပမည့် စာဖြေဌာနများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှုများနှင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ စာဖြေဌာနများကိုကြည့်ရှုစစ်ဆေးရာ၌ ချမ်းအေးသာစံမြို့နယ်ရှိ မဟာလောကရံသီ အိမ်တော်ရာစေတီတော်မြတ်ကြီး ပရဝုဏ်အတွင်း ရတနာဃရ(၁၄)ခန်းဓမ္မဗိမာန်တော်ကြီး၌လည်းကောင်း၊ မဟာအောင်မြေမြို့နယ်ရှိ အမှတ်(၂၄) အခြေခံပညာအထက်တန်းကျောင်းတွင် စာသင်ခန်းများ၌လည်းကောင်း၊ ချမ်းမြသာစည်မြို့နယ်ရှိ အမှတ်(၃၄)အခြေခံပညာအထက်ကျောင်းတွင် စာသင်ခန်းများနှင့် မန္တလာသီရိအားကစားကွင်းရှိ မိုးလုံလေလုံခန်းမတို့၌လည်းကောင်း၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ပြည်ကြီးဂန္ဓာရုံ ဘ.က အထက်တန်းကျောင်း(ခွဲ) မဟာဂန္ဓာရုံတိုက်သစ်၊ (၃)ထပ်ဆောင်တွင်လည်းကောင်း၊ အောင်မြေသာစံမြို့နယ်ရှိ အရှေ့ခင်မကန်ကျောင်းတိုက်၊ ကထိန်တော်ကျောင်း မဟာဝိဇယာရာမခင်မကန်ဗိမာန်တော်တွင်လည်းကောင်း ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား စာဖြေဌာနအင်္ဂါရပ်နှင့်အညီဖြစ်စေရေး၊ အလင်းရောင်နှင့် လေဝင်လေထွက်ကောင်းမွန်စွာရရှိရေး၊ စာမေးပွဲကြီးကြပ်ဆရာတော်ကြီးများ စိတ်အေးချမ်းသာစွာဖြင့် သီတင်းသုံးကာ စာမေးပွဲဆိုင်ရာကိစ္စရပ်များ ချောမွေ့စွာဆောင်ရွက်နိုင်ရေးနှင့် စာဖြေသံဃာတော်များ စိတ်ချမ်းမြေ့စွာဖြင့် ဖြေဆိုနိုင်ရေးတို့ကို သက်ဆိုင်ရာဌာနများအချင်းချင်း ပေါင်းစပ်ညှိနှိုင်းကာ အလေးထားဆောင်ရွက်သွားရေးတို့ကိုမှာကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။  

တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် အမှတ် (၃၄) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိစဉ် မန္တလေးငလျင်ကြီးကြောင့် ပြန်လည်ကျင်းပစစ်ဆေးသည့် တက္ကသိုလ်ဝင်စာမေးပွဲ၌  ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား သင်ခန်းစာများပို့ချပေးနေမှုများ ကြည့်ရှုကာ အားပေးစကားများပြောကြားပြီး တာဝန်ရှိသူများအား တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူများ အခက်အခဲမရှိ ချောမွေ့စွာဖြင့် စာမေးပွဲပြီးဆုံးသည်အထိ ဖြေဆိုသွားနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်သွားရန်တို့ကို မှာကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ချမ်းမြသာစည်မြို့နယ်ရှိ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးတွင် တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များမှ တိုင်းရင်းသားလူမျိုးစုကိုယ်စားလှယ်များအား ရင်းနှီးစွာတွေ့ဆုံခဲ့ကြောင်းနှင့် တာဝန်ရှိသူများအား လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်