နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် နွေစပါးပန်းတိုင်အထွက်နှုန်းရရှိရေး ကွင်းဆင်းစစ်ဆေး

နေပြည်တော် ဇွန် ၁

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့၊ မင်္ဂလာဗျူဟာ သာသနာ့ဗိမာန်ရှေ့မှ ပန်းခင်းလမ်း တစ်လျှောက်ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ပြည်သူများမှ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုပြီး ရေစီးရေလာကောင်းမွန်စေရေး၊ ကားလမ်းနှင့်ရထားလမ်းဘေးရှိ ခြုံ၊နွယ်များအား ရှင်းလင်းဆောင်ရွက်ရေး၊ လမ်းဘေးဝဲယာတစ်လျှောက် ပန်းအလှပင်များအား လိုအပ်သည့်နေရာများတွင် ဖြည့်စွက်စိုက်ပျိုးထားရှိရေး၊ လမ်းနှင့် ပလက်ဖောင်းကြားရှိ ရေမြောင်းများရှင်းလင်းရေးနှင့် သဲမြေများ လမ်းမပေါ်မရှိစေရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ပျဉ်းမနားမြို့၊ ပေါင်းလောင်း အားကစားခန်းမသို့ရောက်ရှိပြီး ပြည်နယ်နှင့်တိုင်းဒေသကြီး ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နေပြည်တော်ကိုယ်စားပြု အမျိူးသားဘောလီဘောအသင်း၊ ဂျုဒိုအသင်းနှင့်တိုက်ကွမ်ဒို အသင်းများမှ အားကစားသမားများအား တွေ့ဆုံ၍ အားပေးစကားပြောကြားကာ ချီးမြှင့်ငွေနှင့် အဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်ပြီး ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဇမ္မူသီရိမြို့နယ်၊ မဟာဝိဇိတာရုံ ကျောင်းတိုက်သို့ သွားရောက်ပြီး ကျောင်းတိုက်အတွင်း ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေရာများအား တပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများက ဖယ်ရှား ရှင်းလင်းခြင်းနှင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းထိုင် ဆရာတော်အား ဖူးမြှော်ကြည်ညိုကာ နဝကမ္မအလှူငွေ ဆပ်ကပ်လှူဒါန်းခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဇမ္မူသီရိမြို့နယ်၊ အမှတ်(၆)၊ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ စခန်းသွင်းလေ့ကျင့်သင်ကြားနေမှု၊ ကျောင်းအိပ် ကျောင်းစားထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။

ယင်းနောက်နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦးသည်  ဇမ္ဗူသီရိမြို့နယ်၊ တဲကြီးကုန်းကျေးရွာ ကွင်းအမှတ် (၁၆၅၉)ရှိ တောင်သူ ဦးကျော်မြင့်၏ နွေစပါးစိုက်ခင်းကိုးဧကတွင် ပေါင်းနှုတ်၊ သမန်းနိုး၊ စုပေါင်းဓာတ်မြေဩဇာကြဲပက်နေမှုကို ကြည့်ရှုအားပေးပြီး ယာယီရှင်းလင်းဆောင်၌ တောင်သူများနှင့် တွေ့ဆုံ၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌက သီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိရေး၊ မျိုး၊ မြေ၊ ရေ၊ နည်းနည်းလမ်းများနှင့်အညီစနစ်တကျစိုက်ပျိုးနိုင်ရေး၊ သဘာဝမြေဩဇာများ ကိုယ်တိုင်ပြုလုပ်သုံးစွဲနိုင်ရေးတို့ကို မှာကြားခဲ့ပြီး တောင်သူများ၏တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက်နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ နေပြည်တော်ကောင်စီရုံး၊ ဝန်ထမ်းများ၏ သားသမီး ကျောင်းသား၊ ကျောင်းသူများအတွက် ၂၀၂၅-၂၀၁၆ ပညာသင်နှစ် ပညာသင်စရိတ်နှင့် ကျောင်းသုံး စာရေးကိရိယာများ ချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ  အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်ကောင်စီရုံးမှ ဝန်ထမ်းများနှင့် ၎င်းတို့၏ သားသမီးများ တက်ရောက်သည်။

ဦးစွာနေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းနေနိုင်ရေးနှင့် နိုင်ငံတော်ဖွံဖြိုးတိုးတက်ရေးအတွက် ပညာရေးကို မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျောင်းသားမိဘများ၏အခက်အခဲများ လျော့ပါးစေရန်နှင့် ကလေးများအားလုံး စိတ်ချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရန်ဖြစ်ကြောင်း၊နိုင်ငံတော်မှ အားထားရသည့် နိုင်ငံသားကောင်းများဖြစ်အောင် ကြိုးစားဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက်နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် နေပြည်တော်ကောင်စီဝင်များမှ ကျောင်းသား၊ ကျောင်းသူများအား ပညာသင်စရိတ်ချီးမြှင့်ငွေနှင့် ကျောင်းသုံးစာရေးကိရိယာများ ပေးအပ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများကိုယ်စား၊ ကျောင်းသားမိဘတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ဆက်လက်၍ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော် ကောင်စီ ဇမ္ဗူသီရိခန်းမ၌ ကျင်းပပြုလုပ်သည့် နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးသို့ တက်ရောက်သည်။

ဦးစွာနေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နေပြည်တော်အတွင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို အားပေးဖိတ်ခေါ် ဆောင်ရွက် လျက်ရှိကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၄ ခု၊ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာ ၁၄၄ ဒဿမ ၂၄၆ သန်း ခွင့်ပြုပေးထားပြီး အလုပ်အကိုင် အခွင့်အလမ်း ၁၄၈၃ ဦး ဖန်တီး ပေးနိုင်ကြောင်း၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၄၂ ခု၊ ရင်းနှီးမြှုပ်နှံမှု ပမာဏ ကျပ်သန်း ၈၉၇၃၅၄ ဒဿမ ၆၇၆ သန်းခွင့်ပြုပေးထားပြီး အလုပ်အကိုင် အခွင့်အလမ်း ၆၇၆၁ ဦး ဖန်တီး ပေးနိုင်ကြောင်း၊ နိုင်ငံအတွက် အဓိကလိုအပ်သော လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုနှင့် ကုန်ထုတ် လုပ်မှုလုပ်ငန်းများကို ရင်းနှီးမြှုပ်နှံမှုပြုလာအောင် ဆောင်ရွက်ရန်လိုကြောင်း၊ ကော်မတီအဖွဲ့ဝင်များနှင့် ဆက်စပ်ဌာနများမှ ကဏ္ဍအလိုက် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်ကြရန်လိုကြောင်း၊ တင်ပြလာသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို မူဝါဒနှင့်ညီညွတ်မှုရှိစေရေး၊  အချက်အလက်များ ပြည့်စုံမှုရှိစေရေး အကြံပြုဆွေးနွေးဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။

ယင်းနောက်တက်ရောက်လာကြသူများမှ သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ကို (ပုဗ္ဗသီရိ)