မိတ္ထီလာ ဇွန် ၁
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ မိတ္ထီလာတက္ကသိုလ်၏ ၂ဝ၂၄-၂ဝ၂၅ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှုသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့က အဆိုပါ တက္ကသိုလ် မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားတွင် ဦးစွာ မိတ္ထီလာတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဘဟန်က အမှာစကားပြောကြားသည်။ ထို့နောက် ဘာသာရပ်ပေါင်းစုံမှ သင်တန်းသား၊ သင်တန်းသူများက ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း အကများဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။
ဆက်လက်၍ သင်တန်းဖြစ်မြောက်အောင် ကူညီဆောင်ရွက်ပေးခဲ့သော မိတ္ထီလာပညာရေးဒီဂရီကောလိပ်မှ ဆရာ၊ ဆရာမများအား ဂုဏ်ပြုလက်ဆောင်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပါမောက္ခချုပ်ဒေါက်တာဘဟန်က ပေးအပ်သည်။ ဆက်လက်၍ သင်တန်းတက်ရောက်ခဲ့ကြသည့် မြန်မာစာ၊ အင်္ဂလိပ်စာ၊ ပထဝီဝင်၊ အရှေ့တိုင်းပညာ၊ စီးပွားရေးပညာ၊ သတ္တဗေဒ၊ ရူပဗေဒ၊ ရုက္ခဗေဒနှင့် ဓာတုဗေဒဌာနမှ ကျောင်းသူ၊ ကျောင်းသားများအား ပါမောက္ခချုပ်ဒေါက်တာဘဟန်၊ မိတ္ထီလာပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီး ဒေါ်စုလတ်ထွေးနှင့် တာဝန်ရှိသူများက သင်တန်းဆင်းဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ခဲ့ပြီး အဆိုပါသင်တန်းအား ရက်သတ္တပတ်နှစ်ပတ် ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။
ချမ်းသာ