ပြင်ဦးလွင် ဇွန် ၁
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၏ တည်ဆဲဥပဒေများနှင့်အညီ အခွန်အမျိုးအစားအလိုက် အခွန်ကဏ္ဍတစ်ရပ်ချင်းစီအလိုက် အခွန်ပညာပေးရှင်းလင်းဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၆)ရှိ စုပေါင်းရုံးအစည်းအဝေးခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများနှင့် အခွန်ထမ်းလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်အခွန်ဦးစီးဌာနမှူး ဒေါ်နွေယမင်းစိုးမှ အခွန်နှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များအား သိရှိရန်နှင့် လိုက်နာရမည့် ဥပဒေများ၊ လုပ်ထုံးလုပ်နည်းနှင့် လုပ်ငန်းစဉ်များ၊ ပျက်ကွက်မှုအတွက် ပြစ်ဒဏ်များစသည့် အခွန်ဆိုင်ရာများအား အသေးစိတ် ရှင်းလင်းဟောပြောခဲ့သည်။
ဆက်လက်ပြီး အခမ်းအနားသို့ တက်ရောက်လာသူများမှ မိမိတို့သိရှိလိုသည်များကို အသီးသီးမေးမြန်းဆွေးနွေးခဲ့ကြရာ သက်ဆိုင်ရာတာဝန်ရှိသူများမှ မေးမြန်းမှုများကို ပြန်လည်ဖြေကြားပေးခဲ့ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
ခရိုင် (ပြန်/ဆက်)