ကျွန်းစု ဇွန် ၁
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား နွေရာသီ ဘင်ခရာသင်တန်းကို ဧပြီလ ၂၉ ရက်နေ့မှစတင်၍ တစ်လအကြာဖွင့်လှစ်ခဲ့ပြီးဖြစ်ရာ မေလ ၃၁ ရက်နေ့တွင် သင်တန်းဆင်းပွဲကို မေလ ၃၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်က အ.ထ.က ကျွန်းစုကျောင်းရှိ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်စန်းဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူးဒေါ်နုနုလွင်က နွေရာသီဘင်ခရာသင် တန်းဆင်းပွဲနှင့် ပတ်သက်၍ အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ လူငယ်ဘင်ခရာသင်တန်း နည်းပြအုပ်ချုပ်သူများအား ဂုဏ်ပြုချီးမြှင့်ငွေများနှင့် အမှတ်တရလက်ဆောင်များအားလည်းကောင်း၊ ဘင်ခရာသင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များအားလည်းကောင်း တနင်္သာရီရေတပ်စခန်းဌာနချုပ်၊ ခေတ္တဌာနချုပ်မှူး ဗိုလ်မှူးကြီး ကျော်ထက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့သည်။
ထို့နောက် သင်တန်းနည်းပြဆရာဦးအောင်နိုင်၊ ကျောင်းအုပ်ကြီးဒေါ်ဌေးဌေးဝင်း၊ သင်တန်းသူ မနိုနိုအေးချမ်းတို့က သင်တန်းဖွင့်လှစ်သင်ကြားပေးသည့် အတွက် ကျေးဇူးတင်စကား အသီးသီး ပြောကြားခဲ့ပြီး လူငယ်ဘင်ခရာသင်တန်းသား၊ သင်တန်းသူများက တေးသီချင်းများဖြင့် သရုပ်ပြ ဖျော်ဖြေတင်ဆက်ခဲ့သည်။
အဆိုပါသင်တန်းကို ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ဂုဏ်ဆောင်ဘင်ခရာတပ်ဖွဲ့ ပေါ်ပေါက်လာစေရေးနှင့် လူငယ်လူရွယ်များ ကျန်းမာကြံ့ခိုင်ပြီး ဗလငါးတန်နှင့်ပြည့်ဝလာစေရန်၊ ကျောင်းပိတ်ရက်အချိန်ကို အကျိုးရှိရှိအသုံးချတတ်စေရန်နှင့် နောင်တစ်ခေတ်တွင် ထူးချွန် ထက်မြက်သည့် လူချွန်လူကောင်းများပေါ်ထွန်းလာစေရန်စသည့် ရည်ရွယ်ချက်များဖြင့် ဧပြီလ (၂၉) ရက်နေ့မှ စတင်၍ တစ်လအကြာ သင်တန်းသား၊ သင်တန်းသူ (၇၀) ဦးအား စာတွေ့လက် တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်းသိရသည်။
ထက်မြင့် (ကျွန်းစု)