မက်မန်း ဇွန် ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်း အောင်ရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက “ကျောင်းအပ်ကြစို့” သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြကာ မက်မန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သောင်းမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မက်မန်းခရိုင် ခရိုင်ပညာရေးမှူး ဒေါ်ခင်လေးဖြူက ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားရာတွင် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းသို့ရောက်ရှိစေရန်၊ ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ယူခွင့်ရရှိစေရန်၊ နိုင်ငံသားတိုင်း အခြေခံပညာပြီးမြောက်အောင် သင်ကြားခွင့်ရှိစေရန်၊ အသိပညာရှင်၊ အတတ်ပညာရှင်များပေါများလာပြီး မိမိဒေသဖွံ့ဖြိုးတိုးတက်မှုကို ဖန်တီးလာနိုင်စေရန်အတွက် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် နိုင်ငံတော်မှ အခမဲ့ထုတ်ပေးသည့် ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်နှင့် ကျောင်းဝတ်စုံများကို သက်ဆိုင်ရာ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများထံ ပေးအပ်ခဲ့ပြီး မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက “ပညာရေး” သီချင်းဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြကြောင်း သိရှိရပါသည်။
အေဇက်ထွန်း(မက်မန်း)