ပူတာအို ဇွန် ၁
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ခရိုင်/မြို့နယ်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို မေလ (၃၁)ရက် နံနက်(၈)နာရီက ပူတာအိုမြို့ အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အ.ထ.က(ပူတာအို) ကျောင်းသား၊ ကျောင်းသူများက “ပြည်မြန်မာ”သီချင်းသီဆို၍ အခမ်းအနားကိုစတင်ဖွင့်လှစ်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွန်းက အဖွင့်အမှာစကားပြောကြားကာ ပူတာအိုမြို့နယ်ပညာရေးမှူး ဦးဝင်းဆွေက ကျောင်းအပ်နှံရေးနေ့နှင့်ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွန်း၊ အဖွဲ့ဝင် ဦးမယစ်ယောရှုနှင့် မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဒေါ်နန်းမို့မို့လှိုင်တို့က နိုင်ငံတော်မှအခမဲ့ပေးဝေသော ကျောင်းသုံးဖတ်စာအုပ်များ၊ ကျောင်းသုံးဗလာစာအုပ်နှင့်ခဲတံများ၊ ကျောင်းဝတ်စုံများကို ပေးအပ်ရာ ဒုတိယခရိုင်ပညာရေးမှူး ဦးငွါးခီရဲ့၊ မြို့နယ်ပညာရေးမှူး ဦးဝင်းဆွေနှင့် အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ကြီးများက လက်ခံရယူပြီး အ.ထ.က(ပူတာအို) ကျောင်းသား၊ ကျောင်းသူများက “မြန်မာ့ကျောင်း”သီချင်းသီ ဆိုဖျော်ဖြေကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
ပူတာအိုခရိုင်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ၃၁.၅.၂၀၂၅ ရက်နေ့အထိ ကျောင်းအပ်နှံမှုစာရင်းအရ ပူတာအိုမြို့နယ်တွင် (၁၃၁၉၈)ဦး၊ မချမ်းဘောမြို့နယ်တွင် (၂၀၀၄)ဦး၊ နောင်မွန်မြို့နယ်တွင် (၁၂၅၉)ဦး၊ ခေါင်လန်ဖူးမြို့နယ်တွင် (၂၂၁၈)ဦး စုစုပေါင်း ကျောင်းသားဦးရေ (၁၈၆၇၉)ဦး အပ်နှံပြီးစီးကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။
ဖုန်ကန်(ပူတာအို)