မချမ်းဘော ဇွန် ၁
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မလိခမြစ်ရေ(၁၅၇၄)စင်တီမီတာထိမြင့်တက်ခဲ့သည်။မလိခမြစ်ရေ၏ စိုးရိမ်ရေမှတ်မှာ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ(၁၂၀၀)စင်တီမီတာသတ်မှတ်ထားရာ စိုးရိမ်ရေမှတ်အထက် (၃၇၄)စင်တီမီတာမြင့်တက်ခဲ့ပြီး မချမ်းဘောမြို့မြို့ပေါ်အမှတ်(၄)ရပ်ကွက်နှင့် မချမ်းဘော- နမ်ခမ်-ကောင်းမှုလုံလမ်းမပေါ်သို့ မြစ်ရေ၃ပေခန့် ကျော်တက်မှုဖြစ်ပွားခဲ့ရာ မြေနိမ့်ပိုင်း လူနေအိမ်၂လုံးနှင့် ရဝမ်ရိုးရာစာပေနှင့်ယဥ်ကျေးမှုရုံး၁လုံး၊ စုစုပေါင်းအဆောက်အအုံ ၃လုံး ရေဝင်ရောက်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
အဆိုပါရေဝင်ရောက်မှုကြောင့် လူနှင့်တိရစ္ဆာန်ထိခိုက်မှုမရှိကြောင်းနှင့် ရေဝင်ရောက်ရာနေရာများတွင် လမ်းသွားလမ်းလာအဆင်ပြေစေရေး မြို့နယ်မီးသတ်ဦးစီးဌာန ဝန်ထမ်းများမှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ယောရွှေနီ(မချမ်းဘော)