ချမ်းမြသာစည်မြို့နယ်၊ မြနန္ဒာဝန်ထမ်းအိမ်ရာ၌ ငလျင်ဘေးသင့် ဝန်ထမ်းမိသားစုများအား ဝမ်းပျက်၊ ဝမ်း‌လျှော ရောဂါကြိုတင်ကာကွယ်ဆေး (တတိယအကြိမ်)တိုက်ကျွေးခြင်းလုပ်ငန်း (အခမဲ့)ဆောင်ရွက်

မဟာအောင်မြေ မေ ၃၁

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြနန္ဒာဝန်ထမ်းအိမ်ရာ၌ (၂၈.၃.၂၀၂၅) ရက်နေ့တွင် လှုပ်ခတ်ခဲ့သော ငလျင်ဘေးကြောင့် ငလျင်ဘေးသင့် ဝန်ထမ်းမိသားစုများအား ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ဆေး (တတိယအကြိမ်)တိုက်ကျွေးခြင်းလုပ်ငန်းကို ယနေ့ နံနက်ပိုင်းက (အခမဲ့) ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ချမ်းမြသာစည်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးမှူးနှင့် အဖွဲ့ဝင်များက ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ဆေး မသောက်မီ မိမိတွင် ဆေးနှင့်မတည့်သော ရောဂါအခံတစ်စုံတစ်ရာရှိလျှင် မသောက်သင့်ကြောင်း၊ တစ်ကိုယ်ရည်သန့်ရှင်းမှု ရှိရမည်ဖြစ်ကြောင်း၊ အများပြည်သူနေရပ်ကွက်များတွင်လည်း ကိုယ်ပိုင်အိမ်သာမရှိသူ များကို ဦးစားပေး ကာကွယ်ဆေး တိုက်ကျွေးသွားမည်ဖြစ်ကြောင်းနှင့် ဝမ်းပျက်၊ ဝမ်းလျှော ဖြစ်လျှင် ဘေးထွက်ဆိုးကျိုးအကြောင်း စသည့်အကြောင်းအရာများကို ဦးစွာရှင်းပြခဲ့ပြီး အဆိုပါ ပြည်သူ့ကျန်းမာရေးဦးစီးမှူးနှင့် အဖွဲ့ဝင်များက မြနန္ဒာဝန်ထမ်းအိမ်ရာ ဝန်ထမ်းမိသားစုဝင် အသက်(၂)နှစ်အထက် ကလေး၊ လူကြီးများအား ကာကွယ်ဆေး တိုက်ကျွေးခဲ့သည်။ ယင်းကာကွယ်ဆေးတိုက်ကျွေးမှုကို ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယအကြိမ် (၃)ကြိမ်တိုင် (အခမဲ့) တိုက်ကျွေးရန်လျာထားခဲ့ပြီး ယခုအကြိမ်သည် တတိယအကြိမ် (အခမဲ့)တိုက်ကျွေးခြင်းဖြစ်​ကြောင်း သိရသည်။

အောင်ဇော်မင်း