မန္တလေးငလျင်ဒဏ် ပြင်းထန်စွာခံစားခဲ့ရသည့် အင်းလေးဒေသအတွင်း ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိ

ညောင်ရွှေ မေ ၃၀

ပြီးခဲ့သည့် မတ်လ(၂၈)ရက်နေ့ နေ့လည်ပိုင်းက လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ဒဏ်ကြောင့် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသအတွင်း ပြင်းထန်စွာထိခိုက်ပျက်စီးခဲ့ပြီး လူအသေအပျောက်များ ဖြစ်ပေါ်ခဲ့၍ ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများမှ တာဝန်ရှိသူများသည် အရေးပေါ်ကုသရေးဆောင်ရွက် နိုင်ရန်အတွက် ယာယီဆေးရုံများနှင့် ဆေးပေးခန်းများဖွင့်လှစ်ခြင်း၊ အထူးကုဆရာဝန်ကြီးများ ပါဝင်သည့် နယ်လှည့်ကုသရေးအဖွဲ့များ၊ တပ်မတော်ဆေးတပ်ဖွဲ့များ၊ အသိပညာပေးလုပ်ငန်းနှင့် ပိုးသတ်ဆေးဖြန်းအဖွဲ့များ၊ ပရဟိတကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့များမှ နေရာအရောက် ကွင်း ဆင်းကုသခြင်းနှင့် အသိပညာ ပေးဆွေးနွေးခြင်း၊ ကာကွယ်ဆေးများတိုက်ကျွေးခြင်း၊ ပိုးသတ်ဆေးဖြန်းခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည်။

ငလျင်ဒဏ်ကို အဆိုးဝါးဆုံးခံစားခဲ့ရသည့် အင်းခြံ/ကေလာကျေးရွာအုပ်စုအတွင်းရှိ ကေလာ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ယာယီဆေးရုံဖွင့်လှစ်ထားရှိပြီး ထိခိုက်ဒဏ်ရာရှိသူများ၊ အရေးပေါ်ကုသမှုခံယူရန်လိုအပ်သူများနှင့် ရောဂါဝေဒနာရှင်များအတွက် ပြုစုကုသစောင့်ရှောက်မှု များဆောင်ရွက်ပေးလျက်ရှိပြီး အခါအားလျော်စွာ အထူးကုသမားတော်ကြီးများ၊ တိုင်းရင်းဆေးဝါး ကုသရေးအဖွဲ့များမှ ကွင်းဆင်းကုသဆောင်ရွက်ပေးလျက်ရှိသည်။

ယခုအခါ ကျောင်းဖွင့်ရာသီရောက်ရှိလာပြီဖြစ်သောကြောင့် အဆိုပါ ယာယီဆေးရုံအား ကေလာ ဘုန်းတော်ကြီးကျောင်းသို့ ပြောင်းရွှေ့ဖွင့်လှစ်ထားရှိပြီး စတင်ဖွင့်လှစ်သည့်နေ့မှ ယနေ့အ ထိ ကွင်းဆင်းဆေးကုသပေးခဲ့သူဦးရေ (၁၃၆၈၇)ဦး၊ မေးခိုင်ကာကွယ်ဆေးထိုးပေးခဲ့သူဦးရေ (၆၈၉) ဦး၊ ပြင်ထန်ဝမ်းပျက်ရောဂါ ကြိုတင်ကာကွယ်ဆေး တိုက်ကျွေးပြီးသူဦးရေ (၂၁၅၉၇)ဦး ရှိခဲ့ပြီး  ဆေးစိမ်ခြင်ထောင် (၇၆၀၀) လုံးနှင့် ရေသန့်ဆေပြား (၁၆၈၀၀၀) ပြားဖြန့်ဝေခြင်း၊ ရေတွင်းရေကန် (၈၈)ခု ဆေးခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

စိုင်းအယ်ဘဲ