မြစ်ကြီးနား မေ ၃၁
ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၏ ၂၀၂၅ ပညာသင်နှစ်တွင် သူနာပြု-သားဖွားသင်တန်းကျောင်း (မြစ်ကြီးနား)၌ ဖွင့်လှစ်လျက်ရှိသည့် သူနာပြု-သားဖွား ဒီပလိုမာသင်တန်းအား တက်ရောက်ခွင့်ရရှိသော သင်တန်းသား/သင်တန်းသူများအား ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါ သင်တန်းကျောင်း အစည်းအဝေးခန်း၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရမည်ဖြစ်သကဲ့သို့ အဆိုပါ ကဏ္ဍများအနက် ကျန်းမာရေး စောင့်ရှောက်မှုပေးသည့် ကဏ္ဍသည် အရေးကြီးသည့် ကဏ္ဍတစ်ရပ်ပင် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့ သူနာပြုအတတ်ပညာကို သင်ယူနေကြသည့် သင်တန်း သား၊ သင်တန်းသူများအနေဖြင့် သူနာပြုကောင်းများ ဖြစ်လာစေရန် အတတ်ပညာများကို ကျွမ်းကျင်အောင် လေ့လာဆည်းပူးပြီး ကျင့်ဝတ်များကို ထိန်းသိမ်းရန် လိုအပ်ပါကြောင်း၊ ထို့အပြင် သူနာပြုတစ်ဦး၏ ကျင့်ဝတ်နှင့်အညီ ပြုမှုပြောဆို ကျင့်ကြံ့နေထိုင်လျက် သစ္စာအဓိဌာန်ပါအတိုင်း မိမိတို့ သင်ယူတတ်မြောက်ခဲ့သော အတတ်ပညာဖြင့် ပြည်သူများအား အရည်အသွေးပြည့်ဝစွာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး ကြိုးစားအားထုတ်ကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် သူနာပြုကျောင်းအုပ်ကြီး ဒေါ်မခေါန်ထဇမီဆားရ်က ပထမနှစ် သင်တန်းသား/ သင်တန်းသူများအား ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပေးသွားမည့် အစီအစဉ်များကို ရှင်းလင်း တင်ပြကာ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းမှ တာဝန်ရှိသူများနှင့်အတူ ပထမနှစ် သင်တန်းသား/ သင်တန်းသူ (၄၀)ဦးတို့အား ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပေးခဲ့ကြပြီး သင်တန်းသား/ သင်တန်းသူများက သူနာပြုသစ္စာအဓိဌာန်နှင့် ကရုဏာအလင်း သီချင်းတို့အား ဂုဏ်ယူစွာသီဆိုခဲ့ ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ပထမနှစ် သင်တန်းသား/ သင်တန်းသူများအနက် ဒီပလိုမာ အရည်အချင်းစစ် စာမေးပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသည့် သင်တန်းသူများ အား ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို လည်းကောင်း၊ သူနာပြုသားဖွားသင်တန်းကျောင်းအတွက် ချီးမြှင့်ငွေကျပ်သိန်း ၂၀ ကို လည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ သည်။
ထို့အပြင် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ ကျင်းပပြုလုပ်သည့် မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေ ဝင်ရောက်မှုမှ ကြိုတင်ကာကွယ်ရေး ရေကာတာ၊ ရေတားတမံများ တည်ဆောက်နိုင်ရန်နှင့် ငလျင်ဘေးဒဏ်သင့်ဒေသများမှ ပြည်သူများအား အကူအညီများ ပေးအပ်နိုင်ရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်းပွဲကို ကျင်းပပြုလုပ်သည်။
အဆိုပါ အခမ်းအနားတွင် ရေကာတာနှင့်ရေတားတမံတည်ဆောက်ရေးကော်မတီ နာယက ပြည်နယ်ဝန်ကြီးချုပ်က ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း ဧရာဝတီမြစ်ရေ စံချိန်တင် ကြီးမြင့်ခဲ့မှု ကြောင့် မြစ်ကြီးနားမြို့ ဧရိယာ ၄၀ ရာခိုင်နှုန်းကျော် နစ်မြှုပ်ခဲ့ပြီး ဆုံရှုံးမှု ဘီလီယံပေါင်းများစွာ ဖြစ်ပေါ်ခဲ့ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် မြို့ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေး ၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ်အတွက် ကမ်းထိန်းလုပ်ငန်းများ ချထားပေးခဲ့သော်လည်း ပွင့်လင်းရာသီမှ လုပ်ငန်းများ စတင်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြို့နေပြည်သူအားလုံး၏ ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်နိုင်သည့် ရေလျှံတား အုတ်ရိုးစီကာရံခြင်းကို မိုးမကျမီ ကြိုတင်ဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့အပြင် မြစ်ရေဖြောင့်တန်းစွာ စီးဆင်းနိုင်ရေးအတွက် မြစ်ကြောင်းရှင်းလင်းရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ မြို့ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေးအတွက် ယခုလို ငွေအား၊ လူအားဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ကြသူများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါ ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေ ဝင်ရောက်ခြင်းမှ ကြိုတင်ကာကွယ်ရန်အတွက် ရေကာတာ၊ ရေတားတမံများ တည်ဆောက်နိုင်ရေးနှင့် ငလျင်ဘေးဒဏ်သင့် ဒေသများမှ ပြည်သူများအား ကူညီထောက်ပံ့နိုင်ရေးအတွက် ဒေသ တွင်း ကုမ္ပဏီလုပ်ငန်းရှင်များနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများက စုစုပေါင်း အလှူငွေကျပ် သိန်း (၃၆၅၀)ကို အသီးသီးပေးအပ်လှူဒါန်းမှုကို လက်ခံရယူပြီး ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာ များပေးအပ်ခဲ့သည်။
အဆိုပါ မြစ်ရေကြီးမြင့်မှုမှ မြစ်ကြီးနားမြို့အား ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ဒေသခံပြည်သူများ ပူးပေါင်း၍ စည်ပင်သာယာဆိပ်ကမ်းမှ အင်ဂျန်းခချောင်း အထိ အလျား (၅၉၀၀)ပေအား မြစ်ရေမြင့်တက်မှု (၁၄၅၀) စင်တီမီတာအမြင့်ထိ ကာကွယ်နိုင် သည့် ရေလျှံတားအုတ်ရိုးစီခြင်းလုပ်ငန်း တည်ဆောက်လျက်ရှိပြီး မြစ်ကြောင်းရှင်းလင်းရေး လုပ်ငန်းကိုလည်း ဗလမင်းထင်တံတားအောက်ဘက်ရှိ သဲသောင်ခုံအား အလျား (၆၀၀၀)ပေ၊ အကျယ် (၁၆၅)ပေနှင့် အနက် ရေစစ်မျဉ်းအောက် (၂)မီတာအထိ တူးဖော်ရှင်းလင်းခြင်းလုပ်ငန်း အား လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိသည့်အပြင် ယခု ဘဏ္ဍာနှစ်အတွင်း အင်ဂျန်းခချောင်း ရေထိန်းတံခါးနှင့် ရေကြည်ချောင်း ရေထိန်းတံခါးများ စတင် ဆောင်ရွက်လျက် ရှိပြီး မန်ခိန်ရပ်ကွက်အတွင်း အလျား (၁၂၆၅) ပေရှိ ရေလျှံတားနံရံနှင့် မြေထိန်းတမံများကို အကောင်အထည်ဖော် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)