ပြည်ကြီးမဏ္ဍိုင် မေ ၃၁
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ ဒေသခံပြည်သူများသည် အများအား ဖြင့် နှစ်ရှည်ပင်များဖြစ်သည့် ကွမ်းသီး၊ ကွမ်းရွက်၊ ရော်ဘာ၊ ဒူးရင်း၊ မင်းဂွတ်၊ နာနတ်၊ ကျွဲကောများကို အဓိက စိုက်ပျိုးလုပ်ကိုင်ကြပြီး အလေ့ကျပေါက်လျက်ရှိသည့် အသီးအရွက်များကိုလည်း ဆွတ်ခူးရောင်းချလျက်ရှိရာ တညင်းပင်များမှ တညင်းသီးများ ဈေးကောင်းရရှိ လျက်ရှိကြောင်း သိရသည်။
ပြည်ကြီးမဏ္ဍိုင်မြို့အတွင်းရှိ တောများနှင့် ဥယျာဉ်ခြံများတွင် တညင်ပင်များ အလေ့ကျပေါက်လျက် ရှိသကဲ့သို့ စိုက်ပျိုးခြင်းများလည်းရှိသည်။ စိုက်ပျိုးသည့်အပင်များမှာ စိုက်ပျိုးပြီး(၇) နှစ်ခန့်တွင် အသီးများ စတင်ခူးစွတ်နိုင်ကြောင်း တညင်းသီး (၁) လုံးလျင်(၁၅၀)ကျပ်၊တညင်းသီး ဆားရည်စိမ်ပြုလုပ်ရန်အတွက် အခွံ ချွတ်ပြီး (၁)လုံးလျင် (၂၀၀)ကျပ် အထိရရှိကြောင်း သိရသည်။
အဆိုပါ တညင်းသီးများမှာ မေလတွင် စတင်သီးပြီး ဇွန်လတွင် အများဆုံးထွက်ရှိရာ ဆားရည်စိမ်ခြင်း၊ ဟင်းလျာအဖြစ် ချက်ပြုတ်ခြင်း၊ သရေစာအဖြစ် အုန်းနို့နှင့်ပေါင်း၍ စားသုံးကြကြောင်း သိရသည်။
ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)