တောင်သူများဝင်ငွေတိုးတက်ရရှိစေရန် တောင်သူအသိပညာပေး သင်တန်းများဖွင့်လှစ်မည်ဖြစ်ရာ မည်သူမဆို အခမဲ့တက်ရောက်နိုင်

မန္တလေး မေ ၃၁

တောင်သူများ ဝင်ငွေတိုးတက်ရရှိစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပုသိမ်ကြီးမြို့နယ်ရှိ စိုက်ပျိုးရေးဦးစီးဌာန ထုံးဘိုရိတ်သိမ်းချိန်လွန်နည်းပညာသင်တန်းကျောင်းတွင် ၂၀၂၅-၂၀၂၆ ခုနှစ်အတွင်း တောင်သူအသိပညာပေး သင်တန်း (၅)မျိုး ဖွင့်လှစ်သွားမည်ဖြစ်ရာ တောင်သူမည်သူမဆို အခမဲ့ တက်ရောက်နိုင်ကြောင်း အဆိုပါ သင်တန်းကျောင်းမှ စုံစမ်းသိရသည်။

ထုံးဘိုရိတ်သိမ်းချိန်လွန်နည်းပညာသင်တန်းကျောင်းမှ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ဖွင့်လှစ်မည့် သင်တန်း (၅)မျိုးအနက် “ သစ်သီးဝလံများ စိုက်ပျိုးထုတ်လုပ်သည်မှ ရိတ်သိမ်းခူးဆွတ် ရောင်းချသည်အထိ ဆောင်ရွက်မှုနည်းပညာသင်တန်း”ကို ၂၂.၇.၂၀၂၅ ရက်နေ့မှ ၂၄.၇.၂၀၂၅ ရက်နေ့အထိလည်းကောင်း၊ “ရိတ်သိမ်းချိန်လွန် နည်းပညာသင်တန်းကို” ၁၂.၈.၂၀၂၅ ရက်နေ့မှ ၁၄.၈.၂၀၂၅ ရက်နေ့အထိနှင့် “ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ တာရှည်အထားခံနိုင်ရန် ပြုပြင်မွမ်းမံနည်းပညာသင်တန်း ”ကို ၃.၂.၂၀၂၆ရက်နေ့မှ ၅.၂.၂၀၂၆ ရက်နေ့အထိတို့ကို မြေပြင်တွင် လက်တွေ့ဖွင့်လှစ်ဆောင်ရွက် သွားမည်ဖြစ်ပြီး တက်ရောက်လိုသော တောင်သူများအနေဖြင့် လူကိုယ်တိုင် တက်ရောက်ရမည် ဖြစ်ကာ “ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) သင်တန်း ”ကို ၉.၉.၂၀၂၅ ရက်နေ့မှ ၁၁.၉.၂၀၂၅ ရက်နေ့အထိနှင့် “လက်ဖက်သီးနှံရိတ်သိမ်းချိန်လွန်နည်းပညာသင်တန်း” ကို ၂၈.၁၀.၂၀၂၅ ရက်နေ့မှ ၃၀.၁၀.၂၀၂၅ ရက်နေ့အထိ Online သင်တန်းအဖြစ် ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်သည်။

အဆိုပါ သင်တန်းသို့ တက်ရောက်လိုသော မည်သည့်တောင်သူဖြစ်စေ အခမဲ့ တက်ရောက်နိုင်ပြီး တက်ရောက်လိုသော တောင်သူများအနေဖြင့် ထုံးဘိုရိတ်သိမ်းချိန်လွန် နည်းပညာသင်တန်းကျောင်း Postharvest Technology Training Centre Face Page နှင့် ၀၉-၉၆၄၂၂၄၆၇၉ သို့ ဆက်သွယ်မေးမြန်းစာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

ထွန်းထွန်းနိုင် (ပြန်/ဆက်)